စောင့်ကြည့်ရမည့် BGF မှ KNA သို့ အသွင်ပြောင်းမှု
(ဇန်နဝါရီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှစ၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အခြေစိုက်သည့် ကရင်နယ်ခြားစောင့်တပ် (BGF)အဖွဲ့သည် ကရင်အမျိုးသားတပ်မတော် (KNA) သို့ တရားဝင်ပြောင်း လဲလိုက်ပြီဖြစ်ကြောင်း BGF အရင်းအမြစ်၏ အတည်ပြုပေးချက်ဖြင့် သတင်းမီဒီယာများက အပြိုင်အဆိုင် ဖော်ပြကြသည်။
ဖားအံနှင့် မြဝတီမြို့နယ်ရှိ BGF အခြေစိုက်စခန်းများတွင် တပ်ဖွဲ့ဝင် အပြောင်းအရွှေ့များ ပြုလုပ်နေခြင်းကလည်း ထိုသတင်း ဟုတ်မှန်ကြောင်း အတည်ပြုလိုက်သလိုပင် ဖြစ်သည်။
မြဝတီမြို့နယ်အတွင်းရှိ BGF စခန်းအချို့တွင် ပူးတွဲတာဝန်ကျ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ မိသားစုများနှင့်အတူ စစ်အုပ်စု အခြေစိုက်တပ်ရင်း၊ တပ်စခန်းများသို့ ဇန်နဝါရီလ (၂) ရက်နေ့တွင် စတင်ပြောင်း ရွှေ့နေကြပြီး စစ်အုပ်စုအရာရှိကြီးများက အမိန့်ပေးထားခြင်းဖြစ်ကြောင်း BGF နှင့် နီးစပ်သည့် သတင်း အရင်းအမြစ်ထံမှ သိရသည်။ ဖားအံမြို့နယ်အတွင်းတွင်လည်း အလားတူသတင်းများကြောင့် စစ်အုပ်စုက လုံခြုံရေး တိုးမြှင့်ထားသည်။
ဘက်တံဆိပ်အားလုံး ပြောင်းတပ်လိုက်ပြီဖြစ်သဖြင့် BGF/KNA ဘက်တွင်လည်း လုံခြုံရေး သတိအနေ အထားရှိနေသည်ဟု အမည်မဖော်လိုသူ BGF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စကစ ကတော့ ဘယ်လက်ခံမလဲ။ အဲဒါကြောင့် လုံခြုံရေး အထူးသတိထားနေရတာပါ။ ဒါပေမဲ့ ငါတို့မှာလည်း လက်နက်၊ လူသူအင်အား အများကြီးရှိပါတယ်။ အခြေအနေကို ဆက်စောင့်ကြည့်ရမယ်” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆိုသည်။
စစ်အုပ်စုမှ ကရင်နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် တရားဝင်ဖွဲ့စည်းခဲ့သော BGF သည် တပ်နယ် (၄) နယ်နှင့် တပ်ရင်း (၁၃) ရင်းဖြင့် တည်ဆောက်ထားပြီး စစ်အုပ်စုပေးသော လစာ၊ ရိက္ခာနှင့် လက်နက်အထောက်အပံ့များဖြင့် ဆယ်စုနှစ်ကျော်ကြာ ရပ်တည်လာသည့် အဖွဲ့ဖြစ်သည်။ လက်ရှိတွင် တပ်အင်အား တစ်သောင်းခန့်ရှိသည်ဟု ခန့်မှန်းပြောဆိုကြသည်။
သို့သော် ယခု ပြောင်းလဲဖွဲ့စည်းလိုက်သည့် တပ်ရင်းနှင့် တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် စစ်ရေးနယ်မြေများကိုမူ KNA တပ်ဖွဲ့ဘက်မှ ယနေ့အချိန်အထိ တရားဝင် ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။
စစ်အုပ်စု၏ လစာမယူတော့ဘဲ KNA အဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်သည့် BGF ခေါင်းဆောင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သဘောတူထားခဲ့သော်လည်း တပ်ဖွဲ့ဝင်အားလုံး KNA ဘက်တံဆိပ် ပြောင်းလဲတပ်ဆင်လိုက်ခြင်း မဟုတ်ခဲ့ပါ။
လက်ရှိအပြောင်းအလဲတွင်မူ KNA ဘက်တံဆိပ် မလုံလောက်မှုကြောင့်သာ တပ်နယ်အားလုံး ဘက်တံဆိပ် မပြောင်းရသေးသည့် အခြေအနေဖြစ်ကြောင်း အောက်ခြေ BGF တပ်ဖွဲ့ဝင်များအကြား သတင်းထွက်နေသည်။
တစ်ဖက်တွင် BGF ခေါင်းဆောင် စောချစ်သူနှင့် စောတင်ဝင်းတို့ ဦးဆောင်သည့် တပ်နယ် (၂) နှင့် (၃) တို့က KNA ဘက်တံဆိပ်အားလုံး ပြောင်းပြီး ကျန်ရှိသည့် တပ်နယ်များက မပြောင်းသေးကြောင်း ပြောဆိုကြသည်။ ယင်းကြောင့် ၎င်းတို့အချင်းချင်း သဘောထားကွဲလွဲမှု ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိ ခန့်မှန်းသုံးသပ်ကြသူ အမျိုးမျိုးရှိသည်။
ကရင်စစ်ရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက
“တပ်ရင်း (၁၃) ရင်းလုံး ပြောင်းတာမဟုတ်ဘဲ တချို့သာ ပြောင်းတာလို့ နားလည်တယ်။ သူတို့နဲ့ စကစ လက်တွဲလို့ရတဲ့ အခြေအနေ မရှိတော့ဘူး။ ဇော်မင်းထွန်း ကိုယ်တိုင်က BGF နဲ့ ပတ်သက်လို့ ပြောတဲ့ စကားတွေက ပုံစံမကျဘူး။ ဒီအခါမှာ လမ်းခွဲဖို့ အချိန်တန်လာတဲ့အတွက် BGF က KNA အဖြစ် ရပ်တည်တာမျိုးပါ” ဟု သုံးသပ်သည်။
KNA အဖြစ် ပြတ်ပြတ်သားသား ရပ်တည်မည့်ကိစ္စကို တစ်နှစ်နီးပါး အချိန်ဆွဲလာသည့် BGF/KNA ခေါင်း ဆောင်များကို ယခုတစ်ခေါက်တွင်လည်း တပ်နယ်အားလုံး KNA ပြောင်းမပြောင်း ဆက်သွယ်မေးမြန်းရန် ကေအိုင်စီအနေဖြင့် ကြိုးပမ်းနေဆဲ ဖြစ်သည်။
ဇန်နဝါရီ (၁) ရက်နေ့တွင် တရားဝင် KNA ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍
“ငြိမ်းချမ်းရေးနှင့် ကရင်အမျိုးသားရေး အခန်းကဏ္ဍများတွင် ဆောင်ရွက်ရန်ဖြစ်သည်” ဟု အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်မော်ဇော်က ကရင်အခြေစိုက် သတင်းဌာနတစ်ခုကို ပြောထားကြောင်း တွေ့ရသည်။
BBC သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင်မူ“ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်လိုကြောင်းနှင့် မိမိတို့နယ်မြေကို ကိုယ်တိုင်ကာကွယ်သွားမည်” ဟု ဗိုလ်မှူးချုပ် စောချစ်သူက ဖြေဆိုခဲ့ဖူးသည်။
KNA အသွင်ပြောင်းရန် ပြင်ဆင်နေသည့် ကာလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသား ထိန်းချုပ်နယ်မြေ တပ်မဟာ (၆) အတွင်း နယ်မြေအသာစီး ရရေး တကျော့ပြန် ကြိုးပမ်းလာသည့် စစ်အုပ်စုနှင့် ကေအဲန်ယူ မဟာမိတ်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများမှာ လက်ရှိအချိန်ထိ မရပ်စဲသေးသလို BGF ကလည်း စစ်အုပ်စုဘက်မှ အကူအညီပေးခဲ့သည်ဟု တော်လှန်ရေး အင်အားစုများက ပြောဆိုကြသည်။
KNA အဖြစ် BGF ရပ်တည်သွားမည့် ကိစ္စအပေါ်တွင်မူ ကရင်အမျိုးသားတပ်မတော် အမည်နှင့် ထပ်တူညီသည့် ဆောင်ရွက်ချက်များကို ကြိုဆိုမည်ဖြစ်ကြောင်း ကေအဲန်ယူဘက်က မှတ်ချက်ပေးသည်။
“ငြိမ်းချမ်းရေးနဲ့ လူထုအကျိုးပြုဆိုတာက နည်းနည်း အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုတယ်။ ငြိမ်းချမ်းရေးဆိုတာ ဘယ်လို ငြိမ်းချမ်းရေးလဲ၊ ဘယ်လိုလမ်းစဉ်နဲ့ ဖော်ဆောင်မလဲဆိုတာ သိဖို့လိုတယ်။ KNA ဆိုတဲ့အတိုင်း ကရင်အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်မှုကို အမှန်တကယ် ဆောင်ရွက်မယ်ဆိုရင်တော့ ဝမ်းသာပါတယ်” ဟု ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
လတ်တလော စောင့်ကြည့်ခံရမှု အမြင့်ဆုံးအခြေအနေရှိ KNA ခေါင်းဆောင်အချို့သည် တစ်ဖက်တွင်လည်း ရွှေကုက္ကိုလ်၊ KK Park ကဲ့သို့ အွန်လိုင်းငွေကြေးလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှုများ အခြေတည်နေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းနယ်မြေများတွင် ပါဝင်ပတ်သက်သူများအဖြစ် အမေရိကန်၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသည်။
ကျားဖြန့်ကိစ္စများနှင့် ပတ်သက်၍ စစ်အုပ်စုလက်အောက်တွင် အလိုတူအလိုပါ ဖြစ်နေသည့် BGF က စစ်အုပ်စုမှ ပေးလာနိုင်သည့် ဖိအားများကို ကြိုတင်ကာကွယ်ရန် KNA အဖြစ် ခွဲထွက်ခြင်း ဖြစ်နိုင်ကြောင်းကိုလည်း အစောပိုင်းတွင် လေ့လာသုံးသပ်သူများက ခန့်မှန်းခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်း-မြန်မာ နယ်စပ်တွင် စစ်အုပ်စုက ကျားဖြန့်နှိမ်နင်းရေး အမည် တပ် အယောင်ပြ ဖျက်ဆီးပြသနေသည့် ကာလအတွင်း BGF တပ်ဖွဲ့ဝင်အချို့က ကျားဖြန့်နှိမ်နင်းရေးတွင် အတူမပူးပေါင်းလာခြင်းကြောင့် ကွဲကွဲပြားပြား ကိုင်တွယ်ရမည်ဖြစ်ကြောင်း စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုဖူးသည်။
“သူတို့ ခွဲထွက်တယ်ဆိုတာလည်း ကျားဖြန့်ကိစ္စနဲ့ ဆက်စပ်နိုင်တယ်။ KNA အဖြစ် ပြောင်းလဲပြီး လမ်းကြောင်း မှန်ပေါ် ပြန်တက်လာရင်တော့ ပြဿနာမရှိဘူး။ KNA လို့ပြောပြီး ကျားဖြန့်မှာ ဆက်ပါနေမယ်၊ ကျားဖြန့်ကို အကာအကွယ် ပေးနေမယ်ဆိုရင်တော့ ထူးမခြားနားဘူး” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက သုံးသပ်သည်။
ကရင်ပြည်နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကျယ်ပြန့်လာသည့်ကိစ္စကို စောင့်ကြည့်ပြောဆိုနေသည့် ကရင်အရပ်ဖက်အဖွဲ့များကလည်း ကျားဖြန့်ပြဿနာတွင် BGF နှင့် စစ်အုပ်စုကို အဓိကတာဝန်ရှိသူများအဖြစ် သတ်မှတ်ထားကြသည်။
ထိုအထဲမှ တစ်ဖွဲ့ဖြစ်သော ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်အတွင်း ကျားဖြန့် ငွေလိမ်လုပ်ငန်းများ စတင်အုတ်မြစ်ချစဉ်ကပင် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အလေးထား အာရုံစိုက်ခံရမှု မရှိခဲ့ပါ။
လက်ရှိ စစ်အုပ်စုနှင့် စီးပွားရေးအရ အကျိုးအမြတ် ဆက်နွယ်မှုများစွာ ရှိနေသည့် BGF မှ KNA သို့ ပြောင်းလဲဖွဲ့စည်းသည့် ကိစ္စအပေါ်တွင်လည်း သတိရှိရှိဖြင့် ဆက်လက် စောင့်ကြည့်ကြရန် လိုကြောင်းကိုသာ KPSN အဖွဲ့ ဒါရိုက်တာ နော်ဝါးခူရှီးက သုံးသပ်မှတ်ချက် ပြုထားသည်။
“နောက်ကွယ်မှာဘာတွေ အကြံအစည်ရှိနေလဲဆိုတာ သေချာမသိရဘူး။ ကျမတို့ရဲ့တော်လှန်ရေးကိုရပ်တန့်ဖို့ တစ်ဖက်လက်နဲ့လုပ်ဆောင်တာမျိုးလည်းဖြစ်နိုင်တော့ အားလုံးသတိထားသင့်တယ်” ဟု နော်ဝါးခူရှီးက ပြောသည်။



















