“ကျနော်တို့ DKBA က ပေါ်တာဆွဲစရာမှမရှိတာ၊ စစ်တိုက်တာလည်းမဟုတ်ဘူး ဘာမှလည်းလုပ်တာမဟုတ်ဘူး။”
DKBA ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီး စောဖားဘလဲ့နှင့် ဆက်သွယ်မေးမြန်းခြင်း။
ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA က ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ကျေးရွာတွင် လူငယ်များကို အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ တပ်သားစုဆောင်းခြင်းလုပ်ဆောင်နေ၍ အချို့ထွက်ပြေးရှောင်ပုန်းနေရကြောင်း သတင်းထွက်ပေါ်လာသည့်အပေါ် အဖွဲ့ပြောခွင့်ရ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီး စောဖားဘလဲ့ကို ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ကျောက်ခက်မှာ DKBA က တပ်သားစုဆောင်းတယ်ဆိုတာနဲ့ပတ်သက်လို့ ဘယ်လိုပြောမလဲ။
ဖြေ။ ဒီလိုရှိတယ်။ ကျောက်ခက်ဖြစ်စဥ်က လိုက်လံစုဆောင်းတယ်ဆိုတာထက် အမှန် တစ်အိမ်တစ်ယောက်မနေရ အဲ့ဒီပုံစံကျင့်သုံးဖို့ပေါ့လေ။ အဲဒါကျနော်တို့စလုပ်တဲ့ဟာကို တချို့တွေကနားလည်မှုအားနည်းပြီးတော့ အပြင်ရောက်သွားတာတချို့ရှိတာပေါ့လေ။ တချို့ကျတော့လည်း ကျနော်တို့ကစစ်မှုထမ်းတာကို အကန့်အသတ်နဲ့ခေါ်ပြီးတော့ ရွာထဲမှာပဲ သဘောတရားဆို ကာကွယ်ရေးပေါ့။ ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်ကာကွယ်ဖို့ စစ်သင်တန်းတက်တဲ့သဘောတရားပါပဲ။
မေး။ တစ်အိမ်တစ်ယောက်စစ်မှုထမ်းစနစ်ကို ကျောက်ခက်ရွာမှာ လုပ်တယ်ဆိုတဲ့သဘောလား ဘယ်လိုမျိုးလဲ။
ဖြေ။ အမှတ်(၁)ကွပ်ကဲရေးမှူးဖြစ်တဲ့ အဖူးစိုင်းကျော်လှက ကိုယ့်ရပ်ကိုယ့်ရွာကိုကာကွယ်ဖို့ဆိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်လေးပေါ့နော်၊ အဲဒါကိုတက်နိုင်သလောက်ပဲ ပြီးရင်သူ့အိမ်သူ့ယာကိုပဲပြန်ထားတာ။ တချို့ကျတော့လည်း မလုပ်ချင်လို့ပေါ့နော်၊ အမျိုးမျိုးပဲပြောကြဆိုကြတာရှိတယ်။ အမှန်တကယ်တမ်း သူ့ရဲ့အရင်းအမြစ်ကတော့ ကိုယ့်ရပ်ရွာကိုကာကွယ်ဖို့ စစ်သင်တန်းပေးတဲ့သဘောပဲ။ အဲဒါကိုမလုပ်ချင်ကြတော့ သူတို့ကလည်းရှောင်တာပေါ့နော်။
အဲဒါကို DKBA က စစ်သားစုဆောင်းတယ်ပေါ့၊ ဒီနယ်မြေဒေသမှာ တစ်စုံတစ်ခု ဘာလုပ်မလဲပေါ့။ အဲဒါ ကျနော်တို့ကိုတချို့ဝေဖန်တာရှိတယ်။ အဓိကကတော့ ကိုယ့်ဒေသမှာ ကျနော်တို့ရွာသားတွေကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ တစ်စုံတစ်ခုဖြစ်လာမယ်ဆိုရင် ပြန်ပြီးတော့ခုခံကာကွယ်လို့ရအောင်ပါ။ စုဆောင်းတာတော့မဟုတ်ဘူးပေါ့နော်။ ရွာသူရွာသားတွေကို ခေါ်ပြီးတော့ စစ်သင်တန်းပေးတယ်။ တချို့တွေကမလုပ်ချင်ကြတဲ့အတွက် ပြောတာရှိတယ်။
မေး။ ကျောက်ခက်ကိစ္စက ဗိုလ်ချုပ်စိုင်းကျော်လှရဲ့အမိန့်လို့ဆိုလိုတာလား။
ဖြေ။ သူ့ရဲ့အမိန့်ပဲပေါ့။ သူကတော့ ကျနော်ပြောသလိုပဲ ကိုယ့်ရပ်ရွာကာကွယ်ဖို့ပဲ။ ဘယ်သူ့ကို အတင်းအဓမ္မစစ်သားစုဆောင်းမယ်၊ စစ်သွားတိုက်ရမယ်မဟုတ်ပါဘူး။ အဓိကစစ်သင်တန်းတက်ရမယ် သင်တန်းပြီးရင်ကိုယ့်အိမ်ကိုယ်ပြန်လာနေ၊ ပြန်လာနေပြီးတော့ အရေးပေါ်လာတဲ့အခါကျရင် ပြန်လည်ခုခံလို့ရအောင်ဖို့ပါပဲ။
မေး။ အခုတစ်ခေါက်စစ်သင်တန်းပေးဖို့ လူဘယ်နှစ်ယောက်လောက်ရှိထားလဲ။
ဖြေ။ ဘယ်လောက်အနေအထားရှိပြီလဲဆိုတော့ တစ်ရာ၊ နှစ်ရာကျော်လောက်တော့ရှိမယ်။ သူတို့လည်းသင်တန်းပေးနေပြီလားတောင် မသိဘူး။ ဒီဘက်ကျနော်တို့အထက် ဆုံဆည်းမြိုင်တို့ ဘက်ခြမ်းမှာရှိတဲ့သူတွေအားလုံး ပါတယ်။ လူကတော့ သုံးရာ၊လေးရာလောက်တော့ရှိမယ်။ သင်တန်း ကအခြေခံစစ်သင်တန်းကသုံးလလောက်ကြာမယ်။ ပြီးရင်တော့ဒီတိုင်းအရပ်သားနဲ့ပဲ သူတို့နေရာပြန်။ လိုအပ်မှလူကြီးတွေကခေါ်ပြီးတော့ ကာကွယ်ရေးနဲ့ပတ်သက်ရင်စုဖွဲ့ပေးမယ်။
မေး။ ဒီလိုစုဆောင်းတာက ကျောက်ခက်ပဲလား တခြားဘယ်နေရာတွေရှိသေးလဲ။
ဖြေ။ လောလောဆယ် ကျောက်ခက်တစ်ခုပဲ၊ မနှစ်ကလည်းပုံမှန်ဒီလိုပဲအမျိုးသမီးလေးတွေတောင်ပါတယ်။ သင်တန်းတက်ပြီးအိမ်မှာပြန်လာနေပေါ့။ ပြီးခဲ့တဲ့နှစ်တွေက ဒီနှစ်လောက်မဆိုးဘူးပေါ့။ ဒီနှစ်ကတော့ နည်းနည်းလေး လိုင်းပေါ်ရောက်သွားတဲ့အခါ အခြေအနေက လိုင်းပေါ်တင်တဲ့သူက သူ့ခံစားချက်နဲ့ တင်တာနေမှာပေါ့။ ကျနော်တို့သဘောကတော့ ခုနကကျနော်ပြောသလိုပဲ။ လိုအပ်ရင်ခေါ်မယ် အိမ်မှာပြန်လာနေမယ်၊ အမြဲတမ်းတပ်ဖွဲ့ဝင်တော့မဟုတ်ဘူးနော်။
မေး။ ဖြစ်စဥ်မှာ ကျောက်ခက်ကဆိုးသွမ်းလူငယ်တွေကို အဓိကထားတယ်လို့လည်း သတင်းထွက်နေတယ်။ အဲဒါလည်းပြောပြပါဦး။
ဖြေ။ အဲဒါလည်းရှိနေမှာပဲလေ၊ ဆိုးတဲ့ကလေးနည်းနည်းပါးပါး၊ သူတို့မိဘတစ်ချို့တစ်လေကလည်း တောင်းဆို တယ်။ အဲဒါတွေလည်းရှိတယ် ဒါကအနည်းအကျဥ်းပါ။ ကျနော်ပြောတာက ခုနကလိုပဲ စစ်သင်တန်းတက်ပြီးပြန်လာပြီဆိုရင် သူတို့ကအမြဲတမ်းတပ်ဖွဲ့ဝင်တွေတော့မဟုတ်ဘူး။ သူတို့ဝါသနာပါရင်တော့ သူတို့လုပ်ပေါ့၊ မပါရင်အိမ်ပြန်လာနေ။ အဲဒါက ဟိုးအရင့်အရင်ကတည်းကရှိခဲ့ပြီး ကျနော်တို့အဖွဲ့မှာလည်း ဟိုးအနောက်ဒေါနခြမ်းမှာရော၊ တခါတလေကျရင် ကျနော်တို့ကိုယ်ပိုင်နံပါတ်ချပေးလိုက်တယ်။ နှစ်နှစ်လား သုံးနှစ်လားချပေးလိုက်တယ် ပြီးရင်ရာနဲ့ချီပြီး သူတို့ပြန်ထွက်သွားတယ်။ အခုကတော့ တစ်အိမ်တစ်ယောက်လား ဒါမှမဟုတ် လူငယ်လေးတွေကိုပဲအဓိကထားပြီး စစ်သင်တန်းပေးပို့တာပေါ့နော် ကျောက်ခက်မှာ ရှိတဲ့လူငယ်လေးတွေပေါ့ သူ့ကွပ်ကဲရေး(၁)ဂွင်မှာပဲ သင်တန်းပေးနေတာပါ။
မေး။ ပေါ်တာဆွဲတယ်လို့ပြောနေကြတဲ့အပေါ် ဘာပြောချင်သေးလဲ။
ဖြေ။ ဟုတ်တယ်။ အဓိကပေါ်တာဆွဲတယ်လို့သတင်းထွက်နေတာ။ ကျနော်တို့ DKBA က ပေါ်တာဆွဲ စရာမှမရှိတာ၊ စစ်တိုက်တာလည်းမဟုတ်ဘူး၊ ဘာမှလည်းလုပ်တာမဟုတ်ဘူး။ အဓိကက ခုနကပြောသလို လူငယ်တွေစုဆောင်းမယ်၊ တစ်အိမ်တစ်ယောက် သို့မဟုတ် စစ်သင်တန်းပေးတက်မယ်။ ပြီးရင်ပြန်ဆင်းလာမယ်။ သူ့မိဘပြန်နေအိမ်မယ်၊ စစ်မှုထမ်းချင်ရင်တော့အမြဲတမ်းတပ်ဖွဲ့ဝင်လုပ်ပေါ့။ ပြီးခဲ့တဲ့နှစ်တွေကလည်းဒီအတိုင်းပဲ၊ ဒီအပတ်စဥ်ဆို (၁၂)လား (၁၃)လားရှိမယ်။ ကျနော်တို့က အတင်းအဓမ္မခေါ်တာလည်းမဟုတ်ဘူး။ ကျောက်ခက်ဒေသမှာထုတ်ထားတဲ့ DKBA ရဲ့စည်းကမ်းအတိုင်းပေါ့။



















