Home သတင်း မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရ

မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရ

463

ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုး(ထားဝယ်) မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်က စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအနက် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၁ ဦးတို့ ပါဝင်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေ အားလုံးက အရပ်သားတွေပါပဲ။ အဲဒီအထဲမှာ ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ပါတယ်” ဟု ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောကြားသည်။

စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုအပေါ် ကေအဲန်ယူ ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ပြောသည်။