Home သတင်း အပျက်အစီးပုံကြားရှိ KK Park ငွေလိမ်ခြံဝန်းကို ထပ်မံလာကြည့်မည်ဟု တရုတ် ကိုယ်စားလှယ်ပြော

အပျက်အစီးပုံကြားရှိ KK Park ငွေလိမ်ခြံဝန်းကို ထပ်မံလာကြည့်မည်ဟု တရုတ် ကိုယ်စားလှယ်ပြော

604
Photo: Social Media

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး လျိုကျုံးရိက စစ်အုပ်စု ဖောက်ခွဲပြမှုကြောင့် အပျက်အစီးပုံအတွင်း ရောက်နေသည့် KK Park ကျားဖြန့်လုပ်ငန်းနေရာ အလုံးစုံ ဖျက်ဆီးပြီးစီးပါက ထပ်မံလာရောက် ကြည့်ရှုဦးမည်ဟု ယနေ့ (ဒီဇင်ဘာ ၁၅ ရက်နေ့) က ပြောဆိုခဲ့ကြောင်း နယ်စပ် သတင်းအရင်းအမြစ်မှ သိရသည်။

မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ ပူးပေါင်း ကျားဖြန့်နှိမ်နင်းရေး အစီအစဉ်အတွက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ တရုတ်ကိုယ်စားလှယ် လျိုကျုံးရိက ယမန်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက် ကရင်နယ်ခြားစောင့်တပ်-BGF နှင့် စစ်အုပ်စု ပူးပေါင်းကာ ဖောက်ခွဲမှုပြုထားသည့် KK Park ငွေလိမ်ခြံဝန်းသို့ ဦးစွာ သွားရောက်ခဲ့သည်။

ထိုမှတဆင့် BGF ဦးဆောင်မှုဖြင့် ရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းနေရာများသို့ ဆက်သွားခဲ့ပြီး ထိန်းသိမ်း ထားသည့် ကျားဖြန့်လုပ်သားများနှင့် ထိုအထဲမှ တရုတ်နိုင်ငံသားများ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေး ကြည့်ရှုခဲ့သည်ဟု ရွှေကုက္ကိုလ်မြို့တွင်း သတင်းအရင်းအမြစ်က ဆိုသည်။

ယမန်နေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိနေသော တရုတ်ကိုယ်စားလှယ် ဦးဆောင်သည့် အဖွဲ့သည် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ပြုလုပ်သည့် (၃) နိုင်ငံ အွန်လိုင်းငွေလိမ် ရာဇဝတ်မှုလုပ်ငန်းများ တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Photo: Social Media

KK Park ငွေလိမ်ခြံဝန်းနေရာကို စစ်အုပ်စုနှင့် BGF တို့က ပြီးခဲ့သည့် အောက်တိုဘာလကတည်းက မိုင်းခွဲ ဖျက်ဆီးနေခြင်းဖြစ်သည်။ စစ်အုပ်စုသည် ကျားဖြန့်သက်သေများကို ထိန်းသိမ်းရမည့်အစား ဖျက်ဆီးနေခြင်းကြောင့် လေ့လာစောင့်ကြည့်နေသူများ၏ မေးခွန်းထုတ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

BGF နှင့် စစ်အုပ်စုကမူ နိုင်ငံတကာအမြင် ရှင်းလင်းရန်နှင့် ကျားဖြန့်ကိစ္စနှင့် မသက်ဆိုင်ကြောင်း ပြသလို၍ လုပ်ဆောင်သည်ဟု ဆိုထားသည်။

ထို့အပြင် အောက်တိုဘာလမှ စတင်ပြီး ဒီဇင်ဘာ (၁၄) ရက်အထိ KK Park နယ်မြေရှိ အဆောက်အဦးပေါင်း ၄၀၀ ကျော်ကို ဖြိုချပျက်စီးခဲ့ပြီးကြောင်း စစ်အုပ်စု ထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သည်။