ဒီဇင်ဘာ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထားဝယ် အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ-TNUPC ၏ နိုင်ငံရေးဦးဆောင်မှုနှင့်အခြေခံမှုများကို သဘောတူလက်ခံသည့် ထားဝယ်တော်လှန်ရေးတပ်များကို စုစည်းပြီး တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်သွားမည်ဟု ကော်မတီ၏တရားဝင်လူမှုကွန်ရက်တွင် ဒီဇင်ဘာ(၁၂)ရက်နေ့က ကြေညာသည်။
ထားဝယ်တစ်မျိုးသားကို ကိုယ်စားပြုစုဖွဲ့ထားသည့် TNUPC မှ ထားဝယ်တော်လှန်ရေးအင်အားစုများ ပိုမိုစည်းလုံးညီညွှတ်ဖို့အတွက် ရည်ရွယ်ပြီး တစ်ခုတည်းသောထားဝယ်တပ် ဖွဲ့စည်းတည်ဆောက်သွားမည်ဟု ဆိုသည်။
“ထားဝယ်ပြည်သူတွေမျှော်လင့်တဲ့ တော်လှန်ရေးအဖွဲ့တွေ ဒီထက်ပိုစည်းလုံးညီညွတ်ဖို့ တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်နိုင်ရေးနဲ့ နိုင်ငံရေးအရဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကို စနစ်တကျ အကောင်အထည်ဖော်သွားဖို့ရှိပါတယ်။ ဆန္ဒသဘောထားပြုတဲ့တပ်ဖွဲ့တွေနဲ့ စုဖွဲ့ရေးကိစ္စတွေ ဆောင်ရွက်သွားမယ်။” ဟု TNUPC ၏ အတွင်းရေးမှူး မယ်ဆုက ပြောသည်။
ထားဝယ်တစ်မျိုးသားလုံး၏ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တရားမျှတမှုနှင့်အတူယှဥ်တွဲနေထိုင်ရေး၊ လူမှုစီးပွားစနစ်ထူထောင်ရေး စသည့်နိုင်ငံရေးရည်မှန်းချက်တို့ဖြင့် TNUPC ကို ပြီးခဲ့သည့် နိုဝင်ဘာ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့ အစည်းအဝေးအပြီးတွင် ဖွဲ့စည်းခဲ့သည်။
အစည်းအဝေး တက်ရောက်လာသည့် ထားဝယ်တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများ သဘောတူဆုံးဖြတ်ချက်ဖြင့် ကော်မတီ ဖွဲ့စည်းခြင်းဖြစ်ကြောင်း TNUPC မှ သိရသည်။
“TNUPC ကို ထားဝယ်တစ်မျိုးသားလုံး ကိုယ်စားပြုဖွဲ့စည်းခြင်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အာဏာရှင်တွေ ပုံသွင်းခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်မှုတွေကို ကျမတို့အတူတကွ မှေးမှိန်ပျောက်ကွယ်အောင် ကြိုးပမ်းအားထုတ်ရမှာဖြစ်သလို အခြားသောတိုင်းရင်းသား လူမျိုးစုတွေနဲ့ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်သွားနိုင်ဖို့ဟာလည်း ရည်မှန်းချက်ဖြစ်ပါတယ်။” ဟု မယ်ဆုက ဖြည့်စွက်ပြောသည်။
တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်ရေးတွင်ပါဝင်လိုသည့် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများကိုလည်း TNUPC က ဖိတ်ခေါ်ထားသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သတ်မှတ်နယ်မြေအရ ထားဝယ်လူမျိုးအများစုနေထိုင်သော တနင်္သာရီတိုင်းဒေသကြီး ဒေသအချို့မှာ ကေအဲန်ယူ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း ပါဝင်သည်။
၎င်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များ စစ်ရေးလှုပ်ရှားလျက်ရှိသလို အမျိုးသားညီညွှတ်ရေးအစိုးရအောက်ရှိ တော်လှန်ရေးတပ်ဖွဲ့များအပြင် တစ်သီးပုဂ္ဂလ တော်လှန်ရေးတပ်ဖွဲ့များလည်း လှုပ်ရှားစိုးမိုးလျက်ရှိသည်။


















