ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်လုပ်သားများ ကင်းစင်သွားပြီဖြစ်သည့် မင်းလက်ပံရှိ Shunda Park ငွေလိမ်ခြံဝန်းကို ကော်သူးလေတရားရေးစနစ်နှင့်အညီ ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း ကေအဲန်ယူ၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး ဗဟိုအဖွဲ့က ယနေ့ ဒီဇင်ဘာ (၁၇) ရက်နေ့ဖြင့် ထုတ်ပြန်ကြေညာသည်။
ထိုခြံဝင်း၌ ဒုစရိုက်မှုများထပ်မံမပြုလုပ်နိုင်ရေး၊ အများပြည်သူအကျိုးစီီးပွားအဖြစ် နောင်ကာလ၌ပြန်လည်အသုံးချနိုင်ရေးကို ရည်ရွယ်၍ ပိတ်သိမ်းလိုက်သည်ဟု ကေအဲန်ယူက ဆိုသည်။
ရာဇဝတ်လုပ်ငန်းပြန်လုပ်ရန် ကြိုးပမ်းမှုမှန်သမျှကို ပြင််းထန်သောပြစ်မှုအဖြစ် သတ်မှတ်အရေးယူမည်ဖြစ်သလို နယ်မြေငြိမ်းချမ်းသည့်ကာလတွင် ပညာရပ်များပို့ချနိုင်မည့်နေရာအဖြစ် တာဝန်ရှိသူ၊ ပြည်သူများနှင့်တိုင်ပင်၍ ပြုလုပ်သွားရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကဖော်ပြသည်။
နိုဝင်ဘာ(၂၁)ရက်နေ့မှ စတင်၍ (၃)ပတ်ကျော်ကြာကာလတွင် ကေအဲန််ယူအဖွဲ့အနေဖြင့် လူကုန်ကူးခံရသော၊ နေရပ်ပြန်လိုသော ကျားဖြန့်လုပ်သားများ ထိုခြံဝင်းမှအပြီးသတ်ထွက်ခွာရေး ဆောင်ရွက်ပြီးစီးခဲ့သည်ဟု သိရသည်။
မင်းလက်ပံငွေလိမ်ခြံဝင်းအတွင်း လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်သားအရေအတွက်ကို မှတ်တမ်းကောက်ခံထားသည့် ဒီဇင်ဘာ(၂)ရက်နေ့က ကေအဲန်ယူစာရင်းအရ လူဦးရေ (၃,၀၀၀) ထောင်ကျော်ရှိနေသည်။

ရာဇဝတ်မှုပတ်သက်သည့် သက်သေခံမှန်သမျှကိုမူ အာဏာပိုင်များထံ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၆)ရက်နေ့က ဒေသနေပြည်သူများကိုကာကွယ်စောင့်ရှောက်ရန်နှင့် ငွေလိမ်ခြံဝင်းအခြေအနေကို ကိုင်တွယ်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ထံ ကေအဲန်ယူက လုပ်ပိုင်ခွင့်လွှဲပေးခဲ့သည်။
ထိုစဥ်ကတည်းက ခြံဝင်းအတွင်းကျန်ရှိကျားဖြန့်လုပ်သားအချိုမှ အဆောက်အဦးများ၊ ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ပြခဲ့ခြင်းကြောင့် ဆိုးရွားသည့်လုံံခြုံရေးအခြေအနေတွင် ကျားဖြန့်လုပ်သားအရေအတွက် တိတိကျကျကောက်ခံနိုင်ရန် ခက်ခဲခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင်လည်း စစ်အုပ်စုက မင်းလက်ပံသို့ စစ်ကြောင်းသုံးကြောင်းဖြင့်ထိုး စစ်ဆင်လာသည့်အပြင် Shunda Park နေရာနှင့် ပြည်တွင်း စစ်ဘေးရှောင်စခန်းနေရာတို့အား လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများ နေ့စဥ်နှင့်အမျှ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်အပါအဝင် ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။



















