ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာနေ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်သည်အထိ အမြန်ဆုံး ဖော်ထုတ်ပေးရန် တနင်္သာရီတိုင်းရှိ တော်လှန်ရေးနှင့် နိုင်ငံရေး အဖွဲ့အစည်း (၁၄) ဖွဲ့က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ စုပေါင်း တောင်းဆိုလိုက်သည်။
အဆိုပါ ဆရာမတို့ ဇနီးမောင်နှံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမှုမှန် အမြန်ဖော်ထုတ်ပေးရန် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တနင်္သာရီတိုင်း)၊ တနင်္သာရီ CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက်၊ တနင်္သာရီတိုင်း လူငယ်ကွန်ရက်၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်ခရိုင်) စသည့် အဖွဲ့အစည်း စုစုပေါင်း ၁၄ ဖွဲ့က ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် ဆရာမနှင့် ခင်ပွန်းတို့ အသတ်ခံရမှုကို တရားမျှတစွာ စစ်ဆေးဖော်ထုတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်မှု ပြီးမြောက်ပါက ပြည်သူလူထုထံသို့ အမှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးရန်လည်း ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဥ်အရ ပုလောမြို့နယ် ဆားခဲရွာတွင် နေထိုင်သော ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၁ နာရီခန့်တွင် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ပြီး ဖမ်းဆီးရမိခဲ့သည့် တရားခံများ၏ ပြောကြားချက်အရ “ထမင်းမကျွေးခြင်းကြောင့် ကျူးလွန်ရပါသည်” ဟူသော အကြောင်းပြချက်သည် ယုံကြည်နိုင်ဖွယ် မရှိကြောင်း အဖွဲ့အစည်းများက ထောက်ပြသည်။
CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံ (၄) ဦးအား ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိပြီး ကော်သူးလေတရားဥပဒေအတိုင်း အပြစ်ပေး အရေးယူသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထားဝယ် ခရိုင်က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သေဆုံးသူ ဇနီးမောင်နှံ၏ ခန္ဓာကိုယ်ပေါ်တွင် တွေ့ရှိရသော ဒဏ်ရာများအရ ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်းဖြစ်ပြီး လူသတ်မှုနောက်ကွယ်တွင် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်မှုအဖြစ် ယူဆရသည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြ ထားသည်။
ထို့အပြင် တရားလို၊ တရားခံပြသက်သေများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ လုံးဝမပြုရန်နှင့် CDM နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေးကို အာမခံပေးရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အတူ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အဖွဲ့အစည်း ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များ လွတ်လပ်စွာ စစ်ဆေးခွင့်ပေးရန်၊ သက်သေခံပစ္စည်းများနှင့် အထောက်အထားများ စုဆောင်းနိုင် ရေးအတွက် အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်းကူညီပံ့ပိုးပေးရန်လည်း ထည့်သွင်း တောင်းဆိုထားသည်။



















