Home သတင်း ဒိုက်ဦးထောင်၌ ခရစ္စမတ်ဆုတောင်းသည့် နိုင်ငံရေးကျဉ်းသူများကို ရိုက်နှက်ပြီး ၁၅ ဦး တိုက်ပိတ်ထား

ဒိုက်ဦးထောင်၌ ခရစ္စမတ်ဆုတောင်းသည့် နိုင်ငံရေးကျဉ်းသူများကို ရိုက်နှက်ပြီး ၁၅ ဦး တိုက်ပိတ်ထား

786
Photo: PPNM

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်နေ့၌ ဆုတောင်းဝတ်ပြုနေသည့် နိုင်ငံရေး အကျဉ်းသူများကို ထောင်အာဏာပိုင်များက ဝင်ရောက်ရိုက်နှက်ခဲ့ပြီး အကျဉ်းသူ ၁၅ ဦးကို တိုက်ပိတ်ထားကြောင်း နိုင်ငံရေးအကျဥ်းသားများကို ကူညီနေသည့် အဖွဲ့အစည်း (၄) ဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့)တွင် ဒိုက်ဦးအကျဉ်းထောင် အမျိုးသမီးဆောင်အတွင်း အကျဉ်းသူများ ခရစ္စမတ်ဆုတောင်းနေစဉ် ဒုထောင်ပိုင် ဟိန်းဇင်အောင်၊ အမျိုးသမီး ၃ ပွင့်အဆင့်ရှိ ဇင်မာကြည်အောင်နှင့် အကျဉ်းသားများဖြစ်သည့် နိုင်ဖြိုးဝေ (ခ) နိုင်ကြီးတို့ ပါဝင်သည့် လူတစ်စုက ဝင်ရောက်ရိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ ထောင်ထဲမှာ ပါဆယ်နဲ့ ဆေးဝါးအခက်အခဲတွေ ရာသီဥတုကြောင့် နွေးထွေးစွာ မနေရတဲ့အပြင် အခုလိုမျိုး ဖိနှိပ်မှုတွေ ဆိုးဆိုးဝါးဝါး ကြုံနေရတဲ့အချိန် ဖြစ်တယ်။ အကျဥ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဥ်းသူ/သား တစ်ဦးချင်းစီက အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်စွာ နေထိုင်ခွင့်နဲ့ ဖိနှိပ်မှု ညှင်းပန်းနှိပ်စက်မှု ကင်းလွတ်ခွင့် စတာတွေက ရရှိသင့်တယ်။ လက်ရှိမှာ အကျဥ်းထောင်တွင်း အခြေအနေကတော့ ဒီအခွင့်အရေးတွေ အားလုံးချိုး ဖောက်ခံရတာဖြစ်တဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူအနည်းဆုံး (၁၁) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ၎င်းတို့ထဲမှ ၁၅ ဦးကို တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခံထားခြင်း ဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ဖြည့်စွက်ပြောသည်။

ထို့အပြင် အကျဉ်းထောင်အတွင်း ဆေးဝါးလုံလောက်မှု မရှိသည့်အတွက် နိုင်ငံရေးအကျဉ်းသားများ ကိုယ်ထူကိုယ်ထ စုဆောင်းထားသည့် ကျပ်သိန်း ၃၀ ခန့်တန်ဖိုးရှိ ဆေးပဒေသာပင်ကိုလည်း ထောင်အာဏာပိုင်များက သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထုတ်ပြန်ချက်တွင် ဆေးဝါးလုံလောက်စွာ ပေးရန် တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသူများကို ဒုထောင် ပိုင်ဖြစ်သူ ဟိန်းဇင်အောင်က နာမည်စာရင်းမှတ်ကာ အပြစ်ပေးရိုက်နှက်ခြင်း၊ မိသားစုဝင်များ ပို့သည့် ဆေးဝါးများကို သိမ်းဆည်းခြင်းများ ဆက်တိုက် လုပ်ဆောင်လျက် ရှိသည်ဟု ဆိုသည်။

၎င်းအပြင် ဒိုက်ဦးအကျဥ်းထောင်အတွင်း မူးယစ်ဆေးဝါးဖြန့်ဝေမှုများ ပြုလုပ်သည့် ထောင် အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို တဖက်သတ်စွပ်စွဲပြီး အကြောင်းမဲ့ တိုက်ပိတ် နှိပ်စက်ခဲ့မှုများကြောင့် ခြေထောက်နှစ်ချောင်း ပုပ်သွားရသူများနှင့် သတိမေ့မြောသည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူများလည်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် အမျိုးသမီးဆောင်အတွင်းသို့ ဒုထောင်ပိုင် ဟိန်းဇင်အောင်ဆိုသူက အမျိုး သားရာဇဝတ်အကျဉ်းသားများကို ခေါ်ဆောင်ကာ မကြာခဏ ဝင်ရောက်လေ့ရှိသဖြင့် နိုင်ငံရေး အကျဉ်းသူများ၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ထည့်သွင်းပြောဆိုထားသည်။

ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်အုပ်စု၏ ရက်စက်စွာ ဖိနှိပ်အကြမ်းဖက်မှု အခြေအ နေအား စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြရန်လည်း အဖွဲ့များ၏ ပူးတွဲထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နှင့် မြန်မာ့အကျဉ်းထောင်သက်သေ (MPW) တို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။