Home သတင်း ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို ကေအဲန်ယူအဖွဲ့အစည်းမှ အပြီးထုတ်ပယ်

ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို ကေအဲန်ယူအဖွဲ့အစည်းမှ အပြီးထုတ်ပယ်

488
Photo: Social Media

နိုဝင်ဘာ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် တပ်မဟာ(၆)/ဒူးပလာယာခရိုင်၊ ဥက္ကဋ္ဌဟောင်း စောရွှေမောင်းတို့နှစ်ဦးအား အဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင်ထုတ်ပယ်လိုက်ကြောင်း အဖွဲ့ပြောခွင့်ရ ပဒိုစောတောနီးက ယနေ့ အတည်ပြုပြောသည်။

၎င်းတို့နှစ်ဦးမှာ ကေအဲန်ယူက ချမှတ်ထားသည့်မူဝါဒ၊ စည်းမျဥ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသဖြင့် အဖွဲ့အစည်း၏ (၁၃)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ ဆုံးဖြတ် ချက်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ဟုတ်ပါတယ်။ ကေအဲန်ယူအဖွဲ့ဝင်အဖြစ်က အပြီးပိုင်ထုတ်ပယ်လိုက်တယ်ဆိုတာ အတည်ပြုလို့ရပါတယ်။ ကေအဲန်ယူရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ကေအဲန်ယူချမှတ်ထားတဲ့မူပေါ်လစီတွေကို လိုက်နာရ မယ့် တာဝန်ရှိတယ်။ ဒါကိုထပ်ခါတလဲလဲကျူးလွန်နေလို့ ထုတ်ပယ်လိုက်တာပါ” ဟု ပဒိုစောတောနီးက ပြောသည်။

ကေအဲန်ယူတွင် ဥက္ကဋ္ဌသက်တမ်းနှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့သလို အငြိမ်းစားယူပြီးနောက် ကေအဲန်ယူအဖွဲ့ဝင်အဖြစ် ဆက်ရှိနေသူ စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့မှာ ပြီးခဲ့သည့်အောက်တိုဘာက (၁၀)နှစ်ပြည့် NCA နှစ်ပတ်လည်သို့ သွားရောက်ခဲ့ရာတွင် ကရင်အသိုင်းအဝိုင်းနှင့် ပြည်သူအကြား ဝေဖန်မှုများခံခဲ့ရသည့် ပုဂ္ဂိုလ်များလည်းဖြစ်သည်။

Photo: Social Media

ကေအဲန်ယူအနေဖြင့် စစ်အုပ်စုအာဏာသိမ်းမှုကြောင့် အပစ်ရပ်စာချုပ် NCA ပျက်ပြယ်သွားပြီဖြစ်ကြောင်း (၁၇)ကြိမ်မြောက်ကွန်ဂရက်မှစ၍ တရားဝင်ထုတ်ဖော်ပြောဆိုနေခဲ့သလို စစ်အုပ်စုဖိတ်ခေါ်ကျင်းပသည့် ဆွေးနွေးပွဲများနှင့်လည်း ဖယ်ခွာနေခဲ့သည်။

ထို့အပြင် စစ်အုပ်စု၏ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို အယုံအကြည်မရှိဘဲ နိုင်ငံရေးမှ စစ်တပ်ဘေးဖယ်ရေးသာ အဓိကထားနေသော်လည်း ကေအဲန်ယူမှထုတ်ပယ်ခံလိုက်ရသည့် ခေါင်းဆောင်တို့ကမူ NCA လမ်းကြောင်းမှ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန်ကိုသာ လက်ကိုင်ထားသည့်သဘောရှိကြောင်း ၎င်းတို့၏ဟောပြောလှုံ့ဆော်ချက်များအရ သိရသည်။

NCA ဆယ်နှစ်ပြည့်ပွဲသွားတက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ကို ကေအဲန်ယူအနေဖြင့် အရေး ယူမှုတစ်စုံတစ်ရာ လုပ်ဆောင်သွားမည်ဟု ထိုစဥ်ကထုတ်ဖော်ပြောဆိုခဲ့အပြီး ယခုကဲ့သို့အရေးယူခံလိုက်ရခြင်းလည်းဖြစ်သည်။

Photo: Social Media