နိုဝင်ဘာ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ မူး(မုန်း) မြို့နယ်တွင် စစ်တပ် ခြေမြန် တပ်ရင်း (ခမရ-၅၈၁) မှ တပ်သား ၃ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၈)ထံသို့ ဘက်ပြောင်းခိုလှုံလာသည်ဟု သိရသည်။
ဘက်ပြောင်းခိုလှုံလာသူများမှာ အသက် ၂၅ နှစ်အရွယ် တပ်သားသန့်ဇင်ထွန်း၊ အသက် (၂၃) နှစ်အရွယ် တပ်သား ကျော်ဇင်ထွန်း အသက် (၂၃) နှစ် နှင့် တပ်သားပြည့်စုံထွန်း အသက် (၂၄) နှစ် တို့ဖြစ်ပြီး၎င်းတို့မှာ ဆန္ဒမပါဘဲ စစ်အုပ်စုတပ်မှ အဓမ္မ စစ်မှုထမ်းခိုင်းစေခံခဲ့ရသည့် တပ်သားသစ်များဖြစ်သည်ဟု ကေအဲန်ယူက နိုဝင်ဘာ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် စစ်တပ် ခြေလျင်တပ်ရင်း (ခလရ-၇၅)တပ်ရင်းမှ တပ်သား ၇ ဦး KNLA တပ်မဟာ(၃)၊ တပ်ရင်း(၉)ထံသို့ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။
အဆိုပါ တပ်သား ၇ ဦးတွင် ၅ ဦးသည် စစ်အုပ်စုတပ်က အဓ္ဓမစုဆောင်းထားသည့် ပြည်သူ့ စစ်မှုထမ်း သင်တန်းသားများဖြစ်ပြီး ၂ ဦးမှာ ရောင်းစားခံရပြီး ပြည်သူ့စစ်မှုထမ်းဘ၀ ရောက်လာရသူများ ဖြစ်ကြောင်း KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှ ထုတ်ပြန်ထားသည်။
စစ်အုပ်စုတပ် ၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသည့် တပ်သားများအနေဖြင့် KNUနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချ အလင်းဝင်ကြရန် KNUမှ ထပ်မံ တိုက်တွန်းထားသည်။



















