အောက်တိုဘာ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့်ရေရှည်တည့်တံ့ရေးအတွက် အပြောင်းအလဲကြိုးပမ်းဖော်ဆောင်ကြသော လူပုဂ္ဂိုလ်၊အဖွဲ့များအား Right Livelihood က ပေးအပ်သည့် မှန်ကန်သော အသက်မွေးဝမ်းကျောင်း (Right Livelihood Award) ဆုရစာရင်းတွင် မြန်မာနိုင်ငံမှ Justice for Myanmar-JFM ပါဝင်ကြောင်း အဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။
ရဲဝံ့၍ အမြော်အမြင်ရှိရှိ ဆောင်ရွက်ချက်များ၊ သက်ရောက်မှုရှိသော ချိတ်ဆက်မှုများကို ကမ္ဘာအနှံ့ တည်ဆောက်နိုင်ခြင်းအတွက်လည်း အသိအမှတ်ပြု ပေးအပ်သော အဆိုပါဆုအား ပစိတ်ဖိတ်၊ ထိုင်ဝမ်နှင့် ဆူဒန်တို့မှ အများအကျိုးပြု လူပုဂ္ဂိုလ်၊အဖွဲ့များနှင့်တကွ JFM က ရရှိခဲ့ခြင်းလည်းဖြစ်ကြောင်း Right Livelihood ၏ တရားဝင်စာမျက်နှာက ဖော်ပြသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်းဖွဲ့စည်းထားသည့် JFM သည် စစ်အုပ်စုအကျိုးစီးပွားနှင့်ဆက်နွယ်နေသည့် ပြည်တွင်း၊ ပြည်ပရှိ လူပုဂ္ဂိုလ်၊ လုပ်ငန်းနှင့်အဖွဲ့အစည်းများကို အရေးယူတားဆီးနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများ၊ မြန်မာပြည်သူများအပေါ် စစ်အုပ်စုကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖော်ထုတ်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။
JFM ပြောခွင့်ရ မရတနာမောင်က “ဒီဆုဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ကင်းစင်တဲ့ အနာဂတ်ရရှိရေးအတွက် မိမိတို့ အသက်ခန္ဓာကို ပေးဆပ်ခဲ့ကြတဲ့ များစွာသော မြန်မာပြည်သူပြည်သားတွေအတွက် ဖြစ်ပါတယ်။ ဒီဆုဟာ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေကြားက မယိမ်းမယိုင် ရပ်တည်နေကြသူတွေ၊ စစ်အုပ်စုရဲ့ နိုင်လိုမင်းထက်ပြု အုပ်ချုပ်မှုတွေ အပြီးတိုင်ဖျက်သိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ သတင်းပေးထုတ်ဖော်သူတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက်လည်း ဖြစ်ပါတယ်။” ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
JFM အနေဖြင့် ဆုရရှိခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုအတွက် မြန်မာပြည်သူလူထု၏ကြိုးပမ်းမှုအပေါ် ကမ္ဘာက မေ့မထားကြောင်း အသိပေးနှိုးဆော်မှုဖြစ်သလို အဖိနှိပ်ခံလူထုများ၏ ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲ အစိတ်အပိုင်းလည်းဖြစ်သည်ဟု ဖော်ပြသည်။
ထို့အပြင် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စုလုပ်ဆောင်မည့် ရွေးကောက်ပွဲကိုဆန့်ကျင်ရန်နှင့်နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကလည်း အကြမ်းဖက်မှုကိုသက်ဆိုးရှည်စေသည့် စစ်လက်နက်အထောက်အပံ့နှင့် လေယာဥ်ဆီလမ်းကြောင်းများကို ပစ်မှတ်ထားပိတ်ဆို့ကြရန် JFM က ထုတ်ပြန်ချက်တွင် တဆက်တည်းတိုက်တွန်းသွားသည်။
နှစ်ပေါင်း ၄၀ ကျော်သက်တမ်းရှိသည့် Right Livelihood အနေဖြင့် ၁၉၈၀ ခုနှစ်မှစ၍ ကမ္ဘာလုံးဆိုင်ရာ လူမှုအဖွဲ့အစည်း ပြဿနာများကို လက်တွေ့ကျကျဖြေရှင်းနိုင်သူ၊ အသင်းအဖွဲ့များအတွက် နှစ်စဥ် ဆု(၄)ဆု ပေးအပ်လေ့ရှိသည်။ ယခု ၂၀၂၅ ခုနှစ်အထိ Right Livelihood Award ကိုလည်း နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ၂၀၃ ဦးအထိ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။



















