အောက်တိုဘာ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် လေးကေကော်မြို့သစ် ရပ်ကွက်အချို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သော မဟာမိတ်တပ်များဘက်မှ ဆုတ်ခွာ ထားပေးရကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
အာဏာသိမ်း စစ်တပ်က လူလှိုင်းလုံး စစ်ဆင်ရေးအပြင် နည်းပညာမြင့် ဒရုန်း၊ ဂျက်ဖိုင်တာ ဗုံး၊ ၁၂၀ ဖျက်အားပြင်း လက်နက်ကြီးများ အဆမတန်အသုံးပြုတိုက်ခိုက်နေခြင်းကြောင့် လေးကေကော် ရပ်ကွက်အချို့နေရာများမှ KNLA မဟာမိတ်တပ်များ စစ်နည်းဗျူဟာသုံးသပ်ပြီး ခွာစစ်ဆင် ယာယီနောက်ဆုတ်ထားကြောင်း မြေပြင်တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။
၎င်းသတင်းအရင်းအမြစ်က “အခုရက်ထဲမှာ စစ်တပ်ဘက်က အသေခံဒရုန်းတွေ နဲ့ ဝင်ဆောင့်တယ်၊ မြေပြင်က စစ်သားသစ် (ပစ) တွေကို ဆေးကျွေးပြီး တက်ခိုင်းတာမှာ ပစ်မနိုင်ဘူး၊ မစ်ဇိုင်းတွေ၊ ၁၂၀ တွေအလုံးရာချီပစ်လာတော့ ကိုယ့်ဘက်ဗျူဟာ ပြန်သုံးသပ်ပြီး ယာယီဆုတ်ထားတယ်။ ပြောရမယ်ဆိုသူ တစ်နေရာ၊ ကိုယ်တစ်နေရာရှိနေတုန်းပါပဲ” ဟု ပြောသည်။
ထိုသို့ လေးကေကော် မြို့သစ်နေရာအား စစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုကြောင့် ယခုအပတ်အတွင်း ရပ်ကွက် အမှတ် (၅) ရှိ ရေကန်ကုန်း၊ ရပ်ကွက် အမှတ် (၃) ရှိ ဆေးရုံကုန်းနေရာအား KNLA မဟာမိတ်တပ်ဘက်မှ ယာယီတပ် နောက်ဆုတ်ပေးထားသော်လည်း နှစ်ဖက် စစ်ဆိုင်ထား သည့်အခြေအနေဖြင့် မြေပြင်စစ်ရေး အခြေအနေ ဆက်ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

ယခု ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်ကို နယ်ခြားစောင့်တပ် (BGF) အဖွဲ့က လမ်းပြအပြင် လက်နက်ကြီးပစ်ကူပေးမှုများ ပြုလုပ်ပေးနေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်က ဆိုသည်။ သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ အတည်ပြုချက်ရရှိရန် BGF အဖွဲ့၏ တာဝန်ရှိသူများအား ကေအိုင်စီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မဖြေကြားသေးပါ။
“လေးကေကော် ရဖို့ လုပ်နေတာမျိုး ဆက်တိုးဖို့ရှိနေတာဆိုတော့ တိုက်ပွဲ ဆက်ရှိမယ့်သဘောပဲ။ အခု ရွာသားတွေကတော့ သောင်ရင်းမြစ်ဘေး ရွှေ့နေကြတာမျိုး ပြင်ဆင်ထားရတာပေါ့၊ လူကတော့ နှစ် ထောင်၊ သုံးထောင်လောက်ရှိနေတယ်”ဟု ဖလူးကျေး ရွာအုပ်ချုပ်ရေးတာဝန်ရှိသူက ပြောသည်။
လတ်တလောတွင် စစ်အုပ်စုတပ်က လေးကေကော်ဒေသ၊ ကျုံဒိုး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ အာရှလမ်းသစ်နေရာနှင့် ဖာပွန်ဒေသဘက်တွင် KNLA မဟာမိတ်တပ်များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။



















