Home သတင်း အခက်အခဲကြားက မျိုးဆက်သစ်ကလေးများပညာရေးအတွက် တာဝန်ယူစွမ်းဆောင်ပေးသော ဆရာ/ ဆရာမများအား KNU ဂုဏ်ပြု

အခက်အခဲကြားက မျိုးဆက်သစ်ကလေးများပညာရေးအတွက် တာဝန်ယူစွမ်းဆောင်ပေးသော ဆရာ/ ဆရာမများအား KNU ဂုဏ်ပြု

570
Photo: KECD

အောက်တိုဘာ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နယ်မြေတွင်း ပဋိပက္ခကြောင့် အခက်အခဲမျိုးစုံကြားက မျိုးဆက်သစ်ကလေးများ၏ ပညာရေးအတွက် အနစ်နာခံ ပညာသင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုကြောင်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ပြောဆိုလိုက်သည်။

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အတွက် ထုတ်ပြန်သော ကေအဲန်ယူ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။

ကော်သူးလေနယ်မြေထဲတွင် နေထိုင်သည့် ပြည်သူလူထု၏ ပညာရေးကို အာဏာသိမ်းစစ်အုပ်စုမှ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ စာသင်ကျောင်းများကို လေကြောင်းနှင့် တိုက်ခိုက်ဖျက်ဆီးသော်လည်း ကြောက်ရွံ့မှုများကြားမှ ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမများက ပညာသင်ကြား နေရသည်ဟု ကေအဲန်ယူ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) ဌာနမှူး ပဒိုစောလောအယ်မှူးက “ဒီအခက်အခဲတွေ ကြားက ကော်သူးလေအုပ်ချုပ်နယ်မြေမှာရှိတဲ့ မျိုးဆက်သစ်ကလေးငယ်တွေရဲ့ အနာဂတ်ကောင်း မွန်ဖို့အတွက် အသိပညာ အတတ်ပညာပေးနိုင်ဖို့ ဆရာ/ဆရာမတွေက ကိုယ်ကျိုးကို မကြည့်ဘဲ အနစ် နာခံပြီး ပညာသင်ကြားပေးတယ်။ ဒါတွေမကဘဲ ရပ်ရွာထဲမှာ ကျရာကဏ္ဍအတွက် ဆရာ/ဆရာမတွေက ကျရာတာဝန်ကိုယူပြီး ပါဝင်ထမ်းဆောင်ပေးကြတယ်။ ဒါကို ဆရာ/ဆရာမအားလုံးကို အလွန်ပဲ လေးစားဂုဏ်ပြုအပ်တယ်။ ကျေးဇူးလည်းတင်ပါတယ်။” ဟု ပြောသည်။

Photo: KECD

ထို့အပြင် ကမ္ဘာ့ဆရာများနေ့ ရောက်ရှိချိန်မှသာ ဆရာ/ဆရာမများကို ဂုဏ်ပြုကြောင်းမဟုတ်ဘဲ အခွင့်အရေးရတိုင်း အတတ်ပညာ အသိပညာများကို သင်ကြားပေးသည့် ဆရာ/ဆရာမများအားလုံးကို လေးစားဂုဏ်ပြုအပ်ကြောင်းလည်း ပဒိုစောလောအယ်မှူးက ဖြည့်စွက်ပြောဆိုသည်။

ပညာရေးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် စစ်အုပ်စုမှ ကော်သူးလေနယ်မြေအတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စက်တင်ဘာလအထိကို စာသင်ကျောင်းပေါင်း (၁၈) ကျောင်း တိုက်ခိုက် ဖျက်ဆီးခဲ့သည်။ စစ်အုပ်စုကြောင့် ကျောင်းသူ/ကျောင်းသား (၁၅) ဦး သေဆုံးပြီး (၃၆) ဦး ထိခိုက်ဒဏ်ရာရရှိနေသည့်အပြင် ကျောင်းဆရာ/ဆရာမ (၂) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထိုကြောင့် ကော်သူးလေနယ်မြေတွင် ကျောင်းသူ/ကျောင်းသားနှင့် ဆရာ/ဆရာမများ လွတ်လပ်စွာ ပညာသင်ကြားပေးနိုင်ရေးနှင့် အသက်အန္တရာယ်ဘေးကင်းစေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ် ဖက်အဖွဲ့အစည်းများအနေဖြင့် ကျူးလွန်နေသည့် အာဏာသိမ်း စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး ဖိအားပေးသွားရန်ကိုလည်း ကေအဲန်ယူက တိုက်တွန်းထားသည်။

ယခု ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင်း ကော်သူးလေနယ်မြေအတွင်း စာသင်ကျောင်းပေါင်း (၁,၇၃၈) ကျောင်း ဖွင့်လှစ်နိုင်ကာ ကျောင်းသူ/ကျောင်းသားပေါင်း (၁၄၉,၇၆၂) ဦးအတွက် ကျောင်းဆရာ/ဆရာမ (၁၁,၉၃၉) ဦး ခန့်ထားလျက်ရှိကြောင်းလည်း ကေအဲန်ယူ ထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။