အောက်တိုဘာ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-သံတောင်လမ်းပိုင်းပေါ်၌ ပြီးခဲ့သည့် စက်တင် ဘာလက ရာသီဥတုဆိုးရွားပြီး တောင်ပြိုလမ်းပျက်မှုများနှင့် စစ်အုပ်စုက တပ်သားစုဆောင်းမှုများကြောင့် လူသွားလူလာနည်းပါးသွားကြောင်း ဒေသသတင်းအရင်းအမြစ်များက ဆိုသည်။
စက်တင်ဘာနောက်ဆုံးအပတ်က မိုးများပြီး တောင်နံရံများပြိုသဖြင့် လိပ်သို-သံတောင်သွားသည့် လမ်းပိုင်းပေါ် မြေပိကျ၊ လမ်းပျက်၊ ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်အုပ်စုတပ်ဖွဲ့များက တပ်သားစု ဆောင်းရေးခေါင်းစဥ်ဖြင့် ဒေသခံအချို့ကို ဖမ်းပြီးငွေဖြင့်ပြန်ရွေးခိုင်းခြင်း၊ တပ်တွင်းပို့ဆောင်ခြင်းတို့ လုပ်ဆောင်သဖြင့် အသွားအလာနည်းပါးသည်ဟု ဒေသတွင်းအုပ်ချုပ်ရေးနယ်ပယ်မှ အမျိုးသားတစ်ဦးက ပြောသည်။
“မြေပြိုတာရော ရေတိုက်စားတာရောလေ လမ်းပျက်တာ ဘယ်သူမှပြင်ပေးတဲ့သူမရှိဘူး။ သွားလာတဲ့ လူကို လည်းကြားမှာ စကစက စောင့်ဖမ်းတာရှိတယ်။ လိပ်သိုမြို့ပေါ်ကလူနှစ်ယောက်ထိသွားတာ။ တစ်ယောက် ကတော့ သိန်းတစ်ရာနဲ့ပြန်ရွေးလို့ရတယ်။ နောက်တစ်ယောက်က ပြန်မရွေးနိုင်တော့ ပါသွားတယ်။ အခုနောက် ပိုင်းဆိုင်ကယ်နဲ့တောင်သိပ်အသွားအလာမလုပ်ရဲကြဘူး” ဟု ၎င်းက ပြောသည်။
လိပ်သိုလမ်းအထိပေါက်သော ကရင်နှင့် ကယား(ကရင်နီ)ပြည်နယ်အစပ် ယာဒိုမှ လွိုင်ကော်လမ်းတစ်လျှောက်တွင်လည်း ရာသီဥတုကြောင့် လမ်းပျက်များနေသည့်အတွက် တောင်ငူဘက်ဆင်းမည့် ကုန်ကားများ သွားလာရခဲယဥ်းနေခြင်းဖြစ်ကြောင်း နယ်ခံများက ပြောသည်။
“လိပ်သိုလမ်းဘက်မှာတော့ ဟုတ်တယ်။ ကျမတို့သံတောင်ကြီး-တောင်ငူလမ်းပေါ်မှာတော့ ဒီရက်ပိုင်း အစစ်အဆေးနည်းသွားပြီး ကားတွေလည်းဆင်းကြတယ်” ဟု မြို့နေ အမျိုးသမီးတစ်ဦးကလည်း ကေအိုင်စီကိုပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂) တောအူး(တောင်ငူ)ခရိုင်အတွင်းရှိ လိပ်သို-သံတောင်-တောင်ငူလမ်းပိုင်းကို နယ်မြေအခြေအနေအရ ကေအဲန်ယူဘက်က ပြီးခဲ့သည့်လများတွင် အရပ်သား မသွားမလာရ လမ်းပိတ်ညွှန်ကြားချက်ထုတ်ထားသော်လည်း ယခုနောက်ပိုင်း ပုံမှန်အတိုင်း သွားလာ၍ပြန်ရနေပြီဖြစ်သည်။
ထို့အတူ ယခုရက်ပိုင်းတွင်လည်း စစ်အုပ်စုတပ်ဖွဲ့များက လိပ်သိုမြို့ရှိ တပ်အခြေချနေရာအချို့နှင့် လိပ်သို လမ်း ပိုင်းပေါ်ရှိ တပ်စခန်းတို့ကို အင်အားဖြည့်တင်းခြင်းတို့ရှိနေသည်ဟု တပ်တွင်းနီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လိပ်သို-သံတောင်-တောင်ငူလမ်းမကြီးမှာ ဖြတ်သန်းသွားလာသူများထံမှ ငွေကြေးအတောင်းအဆမတောင်းခံခြင်း၊ ပစ္စည်းများအားတပ်ပိုင်သိမ်းဆည်းခြင်း၊ မသင်္ကာဖွယ်ဖြစ်စဉ်များတွင် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သတင်းများ မကြာခဏပေါ်ထွက်လျက်ရှိသည်။


















