အောက်တိုဘာ ၂ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ထိုင်း–မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအား ထိုင်းအစိုးရက စခန်းပြင်ပသို့ ထွက်သွားအလုပ်လုပ်နိုင်ရန် ခွင့်ပြုခဲ့ပြီးနောက် အလုပ်သွားရောက်လုပ်ကိုင်မည့်နေရာအချို့ကို စခန်း တာဝန်ရှိသူများက ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ယခုအောက်တိုဘာလမှစတင်၍ တရားဝင်အလုပ်ထွက်လုပ်မည့် ဒုက္ခသည်များအနေဖြင့် အလုပ်သမား အခွင့်အရေးနှင့်အညီ လုံခြုံစိတ်ချရသော အလုပ်နေရာဖြစ်မဖြစ်သိရှိရန် ထိုင်းအစိုးရဘက်မှ ဒုက္ခသည်စခန်းတာဝန်ရှိသူများအား လာရောက်ခေါ်ယူကာ သွားရောက်လေ့လာစေခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
ထိုသို့ သွားရောက်စဉ်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အားကစား အထည်ချုပ်စက်ရုံ၊ Toyota ကားအပိုပစ္စည်းထုတ်စက်ရုံ၊ လမ်းပယိုင်းသီးထုပ်ပိုးသည့် စက်ရုံနှင့် ကြံထုတ်စက်ရုံများကို သွားရောက်လေ့လာခဲ့ကြသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်း၏ ဥက္ကဋ္ဌ စောဆန်းဒေးက ပြောသည်။
၎င်းက “ကျနော်တို့ သွားရောက်ကြည့်တဲ့ နေရာအချို့ဟာ နေရာဝေးတယ်။ ဒါပေမယ့် နေဖို့ကလည်း ရေမီးအားလုံး စိုးရိမ်စရာမရှိဘူး။ ဒုက္ခသည်ပြင်ပ အလုပ်ထွက်လုပ်ဖို့က ထိုင်းအစိုးရတာဝန်ရှိသူတွေရဲ့ လက်ထဲမှာရှိတယ်။ သူတို့လည်း အထောက်အထားကျန်းမာရေးတွေ စစ်ဆေးပြီး သေချာစစ်မယ်။ အသွားအလာကတော့ မစိုးရိမ်ရဘူး။ အလုပ်ရှင်ဘက်က လာကြိုမယ် အဲလိုတော့ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအလုပ်ရုံနေရာအများစုသည် အသက် ၁၈ နှစ်မှ အသက် ၃၆နှစ်အရွယ် ကျန်းမာသန်စွမ်းသည့် လူငယ်များကိုသာ အဓိကခေါ်ယူမည်ဖြစ်ပြီး တခြားအလုပ်သမားနည်းတူ တစ်ရက်လျှင် အနည်းဆုံး လုပ်အားခ ဘတ်ငွေ ၃၅၀ ရရှိမည်ဟုလည်း သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒုက္ခသည်စခန်းများရှိ အလုပ်သမားအချို့ကို အောက်တိုဘာလ ၁ ရက် နေ့မှ စတင်ကာ ပထမအသုတ်အဖြစ် တရားဝင်အလုပ်လုပ်ခွင့်ပေးလိုက်ပြီဖြစ်သည်။ ထိုအလုပ်ထွက်လုပ်ခွင့်ရသူများသည် ထိုင်းအစိုးရ ပြည်ထဲဝန်ကြီးဌာနက အသိအမှတ်ပြုစာရင်းဝင် ဒုက္ခသည်များကိုသာ ကနဦးခေါ်ယူမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အပါအဝင် နိုင်ငံအလယ်ပိုင်း ပြည်နယ် ၁၈ ခု၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်း ခရိုင်များတွင် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး နယ်စပ်ရှိ မြန်မာဒုက္ခသည်များအား သွားရောက်အလုပ်လုပ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးအရာရှိချုပ် Picher Thongphan ကလည်း ထိုင်း TPBS သတင်းဌာနတွင် ပြောဆိုထားသည်။
ထိုင်း-မြန်မာနယ်စပ်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူ၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနှင့် အမှတ် ၁ ၊ အမှတ် ၂ ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုရှိခုတွင် လူဦးရေ ကိုးသောင်းကျော် ခိုလှုံလျက်ရှိသည်ဟု သက်ဆိုင်ရာ ဒုက္ခသည်စခန်း၏ ပြုစုထားသော စာရင်းအရ သိရှိရသည်။



















