Home သတင်း တာ့ခ်-မဲဆောက်တောင်ပေါ်လမ်းတွင် အမြောက်ကျည်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

တာ့ခ်-မဲဆောက်တောင်ပေါ်လမ်းတွင် အမြောက်ကျည်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

371
Photo : Social Media

အောက်တိုဘာ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်-မဲဆောက် တောင်ပေါ်လမ်း ဂိတ်တစ်နေရာ၌ ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန်တွင် အမြောက်ကျည်နှင့်လက်နက်ခဲယမ်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးနိုင်ခဲ့ဟု မဲဆောက်မြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ပစ္စည်းများကို ဘန်ကောက်မြို့နေ အသက် ၃၈ နှစ်အရွယ်နှင့် အသက် ၇၀ နှစ်အရွယ် ထိုင်းနိုင်ငံသား နှစ်ဦးက သယ်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

မဲဆောက်အာဏာပိုင်များ ထုတ်ပြန်သော ဓါတ်ပုံများတွင် သက်သေခံပစ္စည်းများကို ဆာလာ အိတ် အပြာတွင် ထည့်သွင်းသယ်ဆောင်လာပြီး တာဝန်ကျ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ပေါက်ကွဲ စေတတ်သော လက်နက်ပစ္စည်းထိန်းချုပ်ရေး အထူးရဲတပ်ဖွဲ့တို့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

Photo – Social Media

ထိုသိမ်းဆည်းရမိသော လက်နက်ပစ္စည်းအမျိုးအစားမှာ ၈၁ မီလီမီတာ လောင်ချာကျည် (၄၀) လုံး၊ ၄၀ မီလီမီတာ RPG 7 ထိပ်ဖူး ၂၅ တောင့်၊ ပို့ယမ်း (၂၅) ခုနှင့် ၅.၅၆ မီလီမီတာကျည် (၁၆၄၀)တောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ဘန်ကောက်လိုင်စင်တပ် မစ်ဆူဘီရှီအမျိုးအစား ကားနှင့် ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

လတ်တလောတွင် သက်သေခံပစ္စည်းများကို သိမ်းဆည်းထားပြီးဖြစ်သလို လိုင်စင်မရှိဘဲ လက်နက်ခဲ ယမ်းများ ပိုင်ဆိုင်မှုဖြင့် လက်နက်၊ ကျည်ဆံ၊ ခဲယမ်းပစ္စည်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဥပဒေ ဆိုင်ရာအက်ဥပဒေ BE ၂၄၉၀ နှင့်အရ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မဲဆောက်မြို့တော်ဝန်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။