Home သတင်း ဆက်သွယ်ရေးပြတ်တောက်သည့် ဒေသများသို့ စစ်အုပ်စုက လေကြောင်းပိုတိုက်ခိုက်ဟု MIP ပြော

ဆက်သွယ်ရေးပြတ်တောက်သည့် ဒေသများသို့ စစ်အုပ်စုက လေကြောင်းပိုတိုက်ခိုက်ဟု MIP ပြော

693

အောက်တိုဘာ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

၂၀၂၅ ခုနှစ် ပထမခြောက်လတာအတွင်း ဆက်သွယ်ရေးပြတ်တောက်နေသည့်ဒေသများ၏ ၉၂ ရာခိုင် နှုန်းကျော်သည် စစ်အုပ်စု၏ လေကြောင်းပိုမိုတိုက်ခိုက်ခံနေရသည်ဟု မြန်မာအင် တာနက်ပရောဂျက်-MIP အဖွဲ့က ယမန် အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်သော “ဝေဟင်တိုက်ခိုက်မှုများအကြား ဆက်သွယ်ရေးအမှောင်ကျခဲ့မှုများ” အစီရင်ခံစာတွင် ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၂၃ မြို့နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပွားနေပြီး ဖေဖော်ဝါရီမှ ဇူလိုင်လအတွင်း စစ်အုပ်စုက အရပ်သားများခိုလှုံရာ ဘာသာရေး၊ ဆေးရုံ၊ ဆေးခန်း စသည့်အဆောက်အဦးများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှု (၆၄၅) ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဆက်သွယ်ရေးမရရှိသည့်ဒေသများတွင်နေထိုင်သူ အရပ်သား ၁ ထောင်ကျော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ၁,၇၀၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MIP ၏ အစီရင်ခံစာက ဖော်ပြသည်။

ထို့အပြင် ဆက်သွယ်ရေးပြတ်တောက်ခြင်းကြောင့် သတင်းအချက်အလက်ရပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဘေးအန္တရာယ်ကာကွယ်ရေးမှကင်းမဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ရေးနှင့်လူနေမှုဘဝများကိုပါ ထိခိုက်နစ်နာမှုရှိနေသည်ဟု MIP က သုံးသပ်ပြောဆိုထားသည်။

“အာဏာမသိမ်းခင်တုန်းကတော့ ကျမတို့ရွာဘက်က ဖုန်းနဲ့အင်တာနက်ရသေးတယ်။ နောက်ပိုင်း တိုက်ပွဲတွေဖြစ်တော့ တစ်ခုမှမရတော့ဘူး။ ဆိုင်မှာ နာရီနဲ့ဝိုင်ဖိုင်ကို ပိုက်ဆံပေးဝယ်ပြီးသုံးရတယ်။ လေယာဥ်ကျတာတို့ လက်နက်ကြီးကျလို့ တစ်ခုခုဖြစ်တယ်ဆိုရင် သက်ဆိုင်ရာဆီကိုဆက်သွယ်လို့မရလို့ ဆိုင်ကယ်နဲ့သွားရတယ်” ဟု ကြာအင်းဆိပ်ကြီး ဒေသခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဆုံးရှုံးနစ်နာမှုမှကာကွယ်ရေး နည်းပညာဆိုင်ရာနှင့် ပစ္စည်းအထောက်အပံ့ပေးရန်၊ သတင်းအချက်အလက် ပြန်လည်ရရှိရေး အာဏာသိမ်းစစ်အုပ်စုကို ဖိအားပေးရန်၊ ဖိနှိပ်ခံလူထုအခြေအနေကို မှတ်တမ်းတင်နိုင်ရေး ဒေသတွင်းလွတ်လပ်သည့်အဖွဲ့များကိုနိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် အကူအညီပေးရန် MIP က တိုက်တွန်းထားသည်။

စစ်အုပ်စု အာဏာသိမ်းထားသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်မှု အကြိမ်ရေပေါင်း (၄၀၀) ကျော်ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟုလည်း MIP ၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။