Home တွေ့ဆုံမေးမြန်းခန်း ကရင်နီပြည် စစ်ရှောင်ပြည်သူအခြေအနေနှင့်ပတ်သက်၍ IEC အတွင်းရေးမှူး-၂ နှင့် မေးမြန်းချက်

ကရင်နီပြည် စစ်ရှောင်ပြည်သူအခြေအနေနှင့်ပတ်သက်၍ IEC အတွင်းရေးမှူး-၂ နှင့် မေးမြန်းချက်

609

“ နှစ်ရှည်နေတဲ့ စစ်ဘေးရှောင်တွေအတွက်ကလည်း ပိုပြီးတော့မှ ကြပ် တည်းလာတယ်။” IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်

ကရင်နီပြည် စစ်ရှောင်ပြည်သူအခြေအနေနှင့်ပတ်သက်၍ IEC အတွင်းရေးမှူး-၂ နှင့် မေးမြန်းချက်

အောက်တိုဘာ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုတပ် စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာသည့် လတ်တလော ကရင်နီပြည်နယ်ရှိ စစ်ရှောင် အရပ်သားပြည်သူများ၏ စားနပ်ရိက္ခာထောက်ပံ့မှုအခြေအနေနှင့်ပတ်သက်၍ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်နှင့် ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

မေး။ ။ အခုလက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်တွေရဲ့နောက်ဆုံးအခြေအနေကို ကနဦး ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိစစ်ဘေးရှောင်ကတော့ ကျနော်တို့ပုံစံနှစ်ခုနဲ့ကြည့်လို့ရတယ်။ ရှိရင်းစွဲအတိုင်းရှိနေတဲ့ စစ်ရှောင်တွေက အများဆုံးဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ နောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေ တွေကြောင့် ကျေးရွာတွေကနေပြီးတော့မှ ထပ်ပြီးတော့စစ်ဘေးရှောင်နေတာမျိုးတွေရှိသလို စစ်ရှောင် စခန်းတွေလည်း ထပ်ပြီးရွှေ့နေရတာမျိုးတွေလည်းရှိတယ်ပေါ့နော်။ အဲ့တော့ ပုံစံနှစ်ခုနဲ့တော့ရှိတယ်။ တချို့ရွှေ့ပြောင်းနေရတဲ့ရွာတွေ စစ်ဘေးရှောင်စခန်းတွေကတော့ တိုက်ပွဲအပေါ်မူတည်ပြီး ဆက်တိုက် ရွှေ့ပြောင်းနေရတာမျိုးတွေရှိတယ်ပေါ့နော်။ အခုထိရွှေ့ပြောင်းနေရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ လည်း ကျနော်တို့အနေနဲ့ဆက်တိုက် နေရာထိုင်ခင်းတွေ စီစဉ်ပေးနေရဆဲဖြစ်တယ်။ ဒီအခြေနေနှစ်ခုနဲ့သွားနေတယ်။

စစ်ရေးပြင်းထန်လာတဲ့အတွက်ကြောင့်ရော တချို့နယ်မြေတွေကို စွန့်လွှတ်လိုက်ရတာမျိုးလည်းရှိတယ် ပေါ့။ အဲ့ဒီမှာ စစ်ရေးနဲ့အရမ်းနီးကပ်တဲ့ကျေးရွာတွေ စစ်ရှောင် စခန်းတွေ ထပ်ရွှေ့နေရတာတွေ တော့ရှိပါတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ စစ်ဘေးရှောင်စခန်း၊ ကျေးရွာတွေကလည်း သိပ်ပြီးတော့ မဝေးတဲ့အတွက်ကြောင့် အထူးသဖြင့် ဒီးမော့ဆို၊ ဖရူဆိုတို့ လွိုင်ကော်တို့ဆိုလို့ရှိရင် စစ်ရေးဖြစ်ပွားတဲ့နေရာတွေနဲ့ တအားကပ်နေတယ်၊ အဲ့တာကြောင့် သူတို့အတွက် မလုံခြုံတဲ့ အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်။ လက်နက်ကြီးပစ်တာတွေ ကျရောက် ပေါက်ကွဲတာကိုလည်း တွေ့နေရတယ်ပေါ့နော်အဲ့တာတွေက လက်ရှိအခြေနေတွေပါ။

မေး။ ။ ကရင်နီပြည် တစ်ခုလုံးအနေနဲ့ဆိုရင် လက်ရှိ စစ်ရှောင်အရပ်သားပြည်သူ ဦးရေ ကရော ဘယ်လောက်ရှိလာပြီးလဲ။
ဖြေ ။ ။ စစ်ဘေးရှောင်ဦးရေကတော့ သုံးလတစ်ကြိမ် ပြန်ပြီးတော့ Update လုပ်နေတာမျိုး တော့ရှိတယ်။ စစ်ဘေးရှောင် သုံးသိန်းနီးပါးဝန်းကျင်အထိ ကပ်နေပြီးပေါ့နော်။ အတိအကျ ပြောရ မယ်ဆိုလို့ရှိရင်တော့ နှစ်သိန်းခွဲဝန်းကျင်အထိတော့ ရှိနေပါတယ်။ အခုလည်း စစ်ဘေးရှောင် တွေက ပိုပြီးများလာတော့ တချို့ကတော့ စစ်ဘေးရှောင်နှစ်ခါသုံးခါ ရှောင်တယ်အဲ့လိုမျိုး တွေလည်းဖြစ်တော့ လူဦးရေအရကြည့်မယ်ဆိုရင် လူဦးရေနှစ်သိန်းခွဲလောက်ကတော့ ရှိနေတယ်။ ကရင်နီအတိုင်းအတာ အရကြည့်မယ်ဆိုရင်တော့ လေးသိန်းနှစ်သောင်းဝန်းကျင်အထိတော့ ရှိနေပါတယ်။ ရှိပြီးသား လူဦးရေရဲ့ထက်ကျော်နေတဲ့ပုံစံမျိုးတော့ဖြစ်နေပါတယ်။

ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ အများဆုံးကတော့ ကလေးအမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အများ ဆုံးရှိပါတယ်။ အဓိက သုံးအုပ်စုပေါင်းရင်တော့ ၇၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။

မေး။ ။ စစ်အုပ်စုလည်း နယ်မြေပြန်လည်ရယူမှုတွေ ပိုပြီးကြိုးပမ်းလာတဲ့အတွက် ဆက်သွယ်ရေး လမ်း ကြောင်းတွေ ရိက္ခာပို့ဆောင်တဲ့လမ်းပိုင်းတွေရဲ့ အခြေနေတွေကရော ဘယ်လိုရှိလဲ။ စစ်ဘေး ရှောင်တွေကိုပြန်ပြီး ကူညီပေးတဲ့နေရာမှာ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ။ ။ လောလောဆယ် အခြေအနေအထိကတော့ စားနပ်ရိက္ခာပြတ်လပ်တာထက်စာရင် စားနပ်ရိ က္ခာလိုအပ်ချက်က ပိုပြီးများလာတယ်ပေါ့နော်။ ဒါကလည်း စစ်ရေးနဲ့လည်း အများကြီးဆိုင်ပါတယ်။ ဥပမာ ပြီးခဲ့တဲ့တစ်နှစ်ဆိုရင် စားနပ်ရိက္ခာတွေကိုပြန်ပြီးတော့မှ ပြန်စိုက်နိုင်တယ်။ နောက်ပြီးတော့ စိုက်ပျိုးရေးကိုပိုပြီးတော့မှ လုပ်လာနိုင်တယ်။ ဒီနှစ်မှာတော့ စစ်ကောင်စီက စစ်ကြောင်းတွေ ကနေ တစ်ဆင့် စစ်ကြောင်းထိုးမှုတွေဆက်တိုက်လုပ်လာတော့ တချို့နယ်မြေတွေမှာ စိုက်ပျိုးရေး တွေလုပ်လို့မရတော့ဘူး။ စိုက်ပျိုးနေရင်းတန်းလန်းနဲ့ ထားခဲ့ရတဲ့အခြေနေတွေရှိတယ်။

မေး။ ။ စစ်ဘေးရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာလိုအပ်ချက် များလာတဲ့အတွက် နောက် လာမယ့်နှစ်တွေမှာရော ရိက္ခာပြတ်လပ်မှု ကြီးမားတဲ့အခြေအနေမျိုးတွေရှိလာနိုင်လား။
ဖြေ။ ။ စစ်ဘေးရှောင်စခန်းမှာ နှစ်ရှည်နေတဲ့ စစ်ဘေးရှောင်တွေအတွက်ကလည်း ပိုပြီးတော့မှ ကြပ် တည်းလာတယ်။ နိုင်ငံတကာအကူအညီကလည်း ထင်သလောက် မတိုးလာဘူးလေနော်။ အင်အား လျော့နည်းတဲ့အခြေအနေမှာကြုံရတော့ စားနပ်ရိက္ခာအကြပ်အတည်းကြုံတွေ့လာရတာမျိုးရှိတယ် ။

ကြုံလည်းကြုံနေရတယ်။ အခုဆိုရင် အရေးပေါ်စစ်ဘေးရှောင်စခန်းတွေကလည်း ပိုပြီးများ လာတယ်ပေါ့နော်။ အဲ့တာလည်းကြုံတွေ့နေရတယ်။ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကလည်းရှိနေတယ်။ တချို့နယ်မြေတွေကို စားနပ်ရိက္ခာတွေရောက်ရှိမယ့် ပို့ဆောင်ဆ က်သွယ်ရေးတွေကလည်း ခက်ခဲလာတယ်ပေါ့နော်။ ကုန်ကျစရိတ်ကို ပိုပြီးဖြစ်စေတယ်။ နောက်ပြီးတော့ ဝန်ထမ်းတွေအတွက်လည်း ပိုပြီးတော့ခက်ခဲလာတယ်ပေါ့။

မေး။ ။ နောက်တစ်ခုက စစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာကနေရတဲ့ အထောက်အပံ့တွေကော ဘယ်လိုရှိလဲ။
ဖြေ ။ ။ နိုင်ငံတကာရဲ့ပံ့ပိုးမှုကတော့ တော်တော်လေးကိုလျော့နည်းသွားတယ်။ ဒီနှစ်ဦးပိုင်းကတည်းက ကျနော်တို့ရဲ့ရရှိနိုင်တဲ့ ငွေကြေးပမာဏကိုတွက်ချက်ကြတာမျိုးတွေရှိတယ်။ ဒါပေမဲ့သိတဲ့အတိုင်းပဲ တချို့ကျတော့လည်း ငွေကြေးရရှိနိုင်မှုရပ်တန့်သွားတယ်။ တချို့ကျတော့လည်း ရာခိုင်နှုန်းလျှော့ပြီး ပေးနေတာမျိုးတွေရှိတယ်။ တိုးလာတယ်ဆိုတာ မရှိဘူးလို့တောင်ပြောလို့ရတယ်။

အဲ့တာကြောင့် နိုင်ငံတကာ အကူအညီက ကျဆင်းသွားတယ်လို့ ပြောလို့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ကြည့်မယ်ဆိုလို့ရှိရင် ငါးဆယ်ရာခိုင်နှုန်းလောက်ကျဆင်းသွားတယ်လို့ ပြောလို့ရတယ်။ ဒါကလည်း ကျနော်တို့ရဲ့တွေ့ရှိချက်ပေါ့နော် ။ နောက်တစ်ခုက အခြား တစ်ဖက်မှာလည်း အဝေးရောက်ကရင်နီ မိသားစု မြန်မာနိုင်ငံသူနိုင်ငံသားတွေကလည်း သူတို့ရဲ့ထောက်ပံ့ပေးမှုတွေက တော်တော်လေး များတယ်။ ဒါပေမဲ့အခုနောက်ပိုင်းမှာ တော်တော်လေးလျော့နည်းသွားတယ်။ အဓိကကတော့ အဲ့ဒီနှစ်ခုက လည်းကျနော်တို့အတွက် ခက်ခဲတဲ့စိန်ခေါ်မှုဖြစ်ပေါ်စေပါတယ်။