Home သတင်း ကရင်နီနှင့် ကယန်းတွင် ၄ နှစ်ကျော်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် လေးထောင်နီးပါး သေဆုံးကြောင်း PKPF ထုတ်ပြန်

ကရင်နီနှင့် ကယန်းတွင် ၄ နှစ်ကျော်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် လေးထောင်နီးပါး သေဆုံးကြောင်း PKPF ထုတ်ပြန်

1008
Photo: Crd.

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၄ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်နှင့် ကယန်းဒေသတွင် စစ်အုပ်စု တပ်ဖွဲ့ဝင် လေးထောင်နီးပါး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု-PKPF ၏ ယမန်နေ့ (နိုဝင်ဘာလ ၁ ရက်နေ့) ထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်း ၄ နှစ်ကျော်ကာလ ကရင်နီ(ကယား)ပြည်နယ်နှင့် ကယန်းဒေသအတွင်း ကရင်နီတော်လှန်ရေးအင်အားစုများ နှင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပေါင်း (၁,၄၁၅) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၃,၉၄၁) ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းအပြင် စစ်ရေး၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် အရပ်သားနှင့် စစ်ရှောင်ပြည်သူ အယောက် ၈၀၀ ကျော် သေဆုံးခဲ့ပြီး စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံထားရသူ အရပ်သား (၁၆၀) ဦးထိ ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းထားသည့် လေးနှစ်တာကာလအတွင်း ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်အုပ်စု၏ ဂျက်တိုက်လေယာဉ် လေးစင်းနှင့် စစ်အုပ်စုတပ်မှ အသုံးပြုသည့် ကား (၆၈)စီး ပျက်စီးခဲ့ကြောင်းလည်း PKPF က ဆိုသည်။

ထို့အတူ စစ်အုပ်စု လေကြောင်းမှ (၂,၀၉၃) ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာရေးအဆောက်အအုံ (၅၉)လုံး၊ ဆေးရုံဆေးခန်း (၁၉)လုံး၊ စာသင်ကျောင်း (၃၀) ကျောင်းနှင့် လူနေအိမ် (၃,၁၉၀)လုံး ပျက်စီးခဲ့ကြောင်းလည်း PKPF ၏ ပြုစုထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်က ဘောလခဲ၊ မိုးဗြဲနှင့်ဖယ်ခုံမြို့နယ်ဘက်သို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင်ဝင်ရောက်လာပြီး အဆိုပါ အနီးတဝိုက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ ထုတ်ပြန်ထားချက်အရ သိရသည်။

KNDF ၏ ဒုစစ်ဦးစီးချုပ် မာဝီက “ အခု မြေပြင်အခြေအနေမှာဆိုရင် စစ်ကောင်စီကဖရူဆိုကနေ (၁၄) ကျောင်း အထိကို သူ့ရဲ့ ရိက္ခာကားအများကြီးရောက်သွားပြီ ဖြစ်တယ်။ ၁ လေးလုံးမစခင် အခြေအနေကို ပြန်ရောက်သွားတဲ့အခြေအနေမျိုး ဖြစ်တယ်။ ကျနော်တို့ အများကြီးအလုပ်ပြန်လုပ်ပြီးတော့ ပြန်လည်တိုက်ယူရမဲ့ အခြေအနေမျိုးရှိတယ်”လို့ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပသည့် ကရင်နီဒီးကူပွဲတော်တွင် အမှာစကားပြောကြားရင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်ကြရန် KNDF က ထုတ်ပြန် အသိပေးထားသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(Progressive Karenni People Force-PKPF)သည် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်အတွင်း စစ်အုပ်စု၏ စစ်ရေး၊ နိုင်ငံရေး နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ထုတ်ပြန်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။