Home သတင်း ထမင်းမစားရွာရှိ တပ်စခန်းပြန်ရရေး စစ်ကြောင်းထိုးလာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

ထမင်းမစားရွာရှိ တပ်စခန်းပြန်ရရေး စစ်ကြောင်းထိုးလာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

762
Photo- KNU

စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင် လယ်မူလား(ပုလော) မြို့နယ်၊ မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမကြီးပေါ် ထမင်းမစားကျေးရွာရှိ တပ်စခန်းကို ပြန်လည်ထိန်းချုပ်ရေးအတွက် စစ်ကြောင်းထိုးလာသော စစ်အုပ်စုတပ် တိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်တပ်က ၎င်းတို့ လက်လွှတ်ခဲ့ရသော ထမင်းမစားရွာရှိ တပ်စခန်းကို ပြည်လည်ရရှိရန် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ လက်ရှိ အဲဒီ စစ်သားတွေ ပြန်ဆုတ်သွားပြီပေါ့နော် ။ သူတို့ စခန်းသိမ်းတုန်းက ထွက်ပြေးပြီးတဲ့နောက် မနေ့က ထိုးစစ်ပြန်လာတာ။ ပြန်လာတဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ ခန့်မှန်းရ သလောက် သူတို့ ၁၀ ယောက်ကျော်လောက် ထိခိုက် သေဆုံးတာ ရှိတယ်။ ဒဏ်ရာရသူလည်း များတော့ သူတို့ နောက်တစ်ခါ တပ်ပြန်ဆုတ်သွားတယ်’ ဟု ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစော အယ်နာက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထမင်းမစားကျေးရွာရှိ အာဏာသိမ်း စစ်တပ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် တပ်မဟာ (၄) ရှိ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA အထူးတပ်ဖွဲ့၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ့(၅) နှင့်အတူ ပုလောပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) စသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပူးတွဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

တပ်စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်အုပ်စု၏ လက်နက်ကြီး၊ လက်နက်ငယ်များကိုလည်း သိမ်းယူရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ချက်အရ သိရသည်။

၎င်းတို့ စစ်တပ်စခန်းသည် ခြေလျင်တပ်ရင်း (ခလရ-၂၈၀) ၊ အမြောက်တပ် (အမတ-၃၀၉) တပ်ရင်းနှင့် အမှတ် (၁၂) တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းတို့မှ တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၄၀ ကျော် တပ်စွဲထားသည့် စခန်းတစ်ခု ဖြစ်သည်ဟု သိရသည်။