စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတဝှမ်း သြဂုတ်လအတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုစုစုပေါင်း ၆၀၅ ခုကို အာဏာသိမ်း စစ်အုက်စုမှ ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော မှတ်တမ်းအရ ဖော်ပြထားသည်။
သြဂုတ်လအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၆၀၅ မှု အနက် စစ်ကိုင်းတိုင်းဒေသကြီးတွင် အဖြစ်များဆုံးဖြစ်ကာ ၁၃၀ မှုအထိရှိခဲ့ကြောင်း NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှ ကိုယ်ပိုင်ပစ္စည်းများ ဖျက်ဆီးခံရသည့် ဖြစ်စဥ်သည်လည်း ၁၃၀ မှု ထိရှိခဲ့ပြီး အများဆုံး ကျူးလွန်ခံရသည့် ချိုးဖောက်မှု အမျိုးအစားတွင်ရှိနေကြောင်း NUG က ပြောသည်။
၎င်းအပြင် စစ်တပ်က နိုင်ငံတဝှမ်း လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုပေါင်း ( ၂၁၁) ကြိမ်နှင့် ဒေသခံများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း (၂၂) ကြိမ် တိတိကိုလုပ်ဆောင်ခဲ့သည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြပါရှိသည်။
ထိုသို့ လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ (၂၈၄) ဦး သေဆုံးခဲ့ရကြောင်း NUG က ပြောသည်။
အဆိုပါ သေဆုံးသူများထဲတွင် အသက် (၁၈) နှစ် အောက် ကလေးသူငယ် (၄၅) ဦး၊ အသက် (၁၈)နှစ်အထက် (၁၄၉) ဦး နှင့် ခွဲခြား၍ မရသောသူ (၉၀) ဦးတို့ ပါဝင်သည်။ ထိခိုက်ဒဏ်ရာရရှိသူမှာလည်း ဒေသအသီးသီးတွင် (၄၀၉) ဦး အထိရှိနေပြီး အသက်(၁၈) နှစ်အောက် ကလေးသူငယ်အရွယ် (၃၄) ဦး၊ အသက်(၁၈)နှစ်နှင့်အထက် (၁၅၄) ဦးနှင့် ခွဲခြား၍ မရသောသူ (၂၂၁) ဦးတို့ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန မှတ်တမ်းအရ စစ်ကောင်စီလက်ချက်ကြောင့် ပြီးခဲ့သည့် သြဂုတ်လအတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပိုင် နေအိမ် (၁၀၅၂) လုံး၊ စာသင်ကျောင်းပေါင်း (၁၅) ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ (၃၈) လုံး ထိခိုက်ပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးအပါအဝင် အကြမ်းဖက်မှုကြောင့် သြဂုတ်လအတွင်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့ကြောင်းလည်း မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union BWU)က စက်တင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။



















