Home သတင်း လယ်မူလားမြို့နယ် ထမင်းမစားရွာရှိ စစ်တပ် စခန်းကို KNU သိမ်းပိုက်

လယ်မူလားမြို့နယ် ထမင်းမစားရွာရှိ စစ်တပ် စခန်းကို KNU သိမ်းပိုက်

697
Photo: KNU

စက်တင်ဘာ ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင် လယ်မူလား(ပုလော) မြို့နယ်၊ မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမကြီးပေါ် ထမင်းမစားကျေးရွာရှိ အာဏာသိမ်း စစ်တပ် စခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်က ယနေ့ နံနက် ၇ နာရီ ချိန်တွင် သိမ်းပိုက်လိုက်သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါ ထမင်းမစား ရွာရှိ စစ်တပ်စခန်း၌ ခြေလျင်တပ်ရင်း (ခလရ-၂၈၀) ၊ အမြောက်တပ် (အမတ-၃၀၉) တပ်ရင်းနှင့် အမှတ် (၁၂) တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းတို့မှ တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၄၀ ကျော် တပ်စွဲထားသည့် စခန်းတစ်ခု ဖြစ်သည်ဟု သိရသည်။

ထမင်းမစားရွာ တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စု၏ လက်နက်ကြီး၊ လက်နက်ငယ်များ ကိုလည်း သိမ်းယူ ရရှိခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန် ထားသည်။

Photo: KNU

စခန်းသိမ်း တိုက်ပွဲအား တပ်မဟာ (၄) ရှိ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA အထူးတပ်ဖွဲ့၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ့(၅) နှင့်အတူ ပုလောပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) စသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ပူးတွဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ထမင်းမစားကျေးရွာသည် ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်ကာ ထိုကျေးရွာကို စစ်အုပ်စုဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ပြုလုပ်ခဲ့သည်ဟု မြိတ်-ထားဝယ် ခရိုင် ထံမှသိရသည်။