စက်တင်ဘာ ၃ ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကျောက်မဲ တောင်သို့ စစ်ကူလာသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၄ ဦးကို ရေးဘီလူးတပ်ရင်းက ယမန်နေ့တွင် ဖမ်းဆီး ရမိခဲ့သည်။
ထားဝယ် ကျောက်မဲတောင် အနီးတဝိုက်၌ စက်တင်ဘာ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသ တွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းမိ ခြင်းဖြစ်သည်ဟု ရေးဘီလူး အဖွဲ့တာဝန်ရှိသူက ပြောသည်။
“ဟုတ်ပါတယ်။ ကျောင်မဲတောင်စခန်းအနီးတဝိုက်မှာ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်တပ်ဖွဲ့ဝင် ၄ ဦး ကို ဖမ်းဆီး ရရှိခဲ့ပါတယ်။ လက်နက်အပြည့်အစုံနဲ့ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းမိစစ်တပ် တပ်သား ၄ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၄) မှ ဝကုန်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ စစ်သုံ့ပန်းများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထိမ်းသိမ်းထားကြောင်း ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်က စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများနှင့်အတူ MA1(၄) လက်၊ ကျည်ဆံ၁,၀၃၀ တောင့်နှင့် ကျည်ဘောင် ၁၆ ခု တို့ကိုလည်း သိမ်းဆည်းရရှိ ခဲ့သည်ဟု မြိတ်-ထားဝယ်ခရိုင်က ပြောသည်။
လက်ရှိ ထားဝယ်ခရိုင်အတွင်း မြို့နယ်များတွင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်အုပ်စုဘက်က တပ်ဖွဲ့တချို့တော်လှန်ရေးတပ်များထံသို့ လက်နက်ချ ဘက်ပြောင်းခိုလှုံခြင်းများ ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။



















