Home သတင်း အမှတ် – ၈ ပြည်ထောင်စုလမ်း ပြန်ထိန်းချုပ်ရန် စစ်တပ် အင်အားထောင်ချီသုံး

အမှတ် – ၈ ပြည်ထောင်စုလမ်း ပြန်ထိန်းချုပ်ရန် စစ်တပ် အင်အားထောင်ချီသုံး

694
Photo-MSRF

စက်တင်ဘာ ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် အာဏာသိမ်း စစ်တပ်က အင်အားထောင်ချီသုံးကာ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနှင့် စစ်ရေးတင်းမာ နေသည် ဟု အထူးတိုင်း၊ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် စစ်တပ်က ဩဂုတ်လ ဒုတိယအပတ်မှ စတင်၍ စက်တင်ဘာ ၇ ရက်နေ့အထိ စစ်ကြောင်း ထိုးလာရာ မိုင် ၆၀၊ ကော့လှိုင်း၊ မရမ်းချောင်း၊ သာယာမွန်ကျေးရွာတဝိုက်တွင် နှစ်ဖက်တိုက်ပွဲ အဆက်မပျက် ဖြစ်ပွား ခဲ့သည်။ လက်ရှိ စစ်တပ်က တပ်ရင်း (၇) ရင်း ပေါင်းကာ စစ်ကြောင်းထိုး အင်အားဖြည့်တင်းမှုများကို လုပ်ဆောင်လာကြောင်း နည်းဗျူဟာ-၃၃၊ စစ်ဆင်ရေးမှူး စောဒါးကိုက ယခုလို ပြောသည်။

“အဓိကကတော့ ကလိန်အောင်မြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၀၈၊ ၄၀၇၊ ၄၀၉၊ ၄၁၀) တပ်ရင်း၊ ခြေလျင်တပ်ရင်း (ခလရ-၂၈၂) တပ်ရင်းရယ်၊ ကံပေါက်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၇၃) တပ်ရင်း၊ ရေဖြူမြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၄၀၇) တပ်ရင်း၊ မောရဝတီရေတပ်၊ ပေါင်းစည်းပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ယခုလို နှစ်ဖက်စစ်ရေးတင်းမာမှုများကြောင့် အဆိုပါလမ်းပိုင်းအနီးရှိ ကျေးရွာများဖြစ်သည့် မိုင် ၆၀ ရွာ၊ မရမ်း ချောင်းရွာ၊ သာယာမွန်ရွာ၊ ကော့လှိုင်းရွာ၊ ရာဖူးကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာမှ ဒေသခံ ၃,၀၀၀ ဦး ခန့်သည် နီးစပ်ရာနေရာများသို့ တစ်လကျော်ကြာ စစ်ဘေးရှောင်နေ ရသည်ဟု ဒေသခံများက ပြောဆို သည်။

“တိုက်ပွဲတွေက အခုချိန်ထိကို ဖြစ်နေတုန်းဘဲ။ စကစ ဘက်က လက်နက်ကြီးပစ်ခတ်တာတွေလည်း ရှိနေ သေးတဲ့အတွက် ရွာကိုမပြန်ရဲ ကြသေးဘူး။ နောက်ပြီးတော့ မြေမြှပ်မိုင်းတွေကိုလည်း ကြောက်တယ်။ စစ်ဘေး ရှောင်နေရတာကြာလာတော့ အလုပ်အကိုင်မရှိတော့ နေဖို့စားဖို့အတွက် ခက်ခဲလာတယ်” ဟု ရေဖြူ မြို့နယ် ရာဖူးကျေးရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်တော်လှန်ရေး တပ် (MSRF)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၆)၊ တပ်ရင်း (၂၇) ၊ ရာမည မွန်တပ်‌ ‌တော် (R.M.A)၊ ဒေါန စစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း အထူး စစ်ဆင်ရေးအဖွဲ့နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA)တို့က ပူးပေါင်းကာ စစ်ကောင်စီ စစ်ကြောင်း နှင့် တိုက်ပွဲများ ဆင်နွှဲလျက်ရှိနေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် အဆိုပါလမ်းပိုင်းအတွင်း ပြီးခဲ့သည့် ဩဂုတ် (၂၇) ရက်နေ့မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)၊ နည်း ဗျူဟာ(၃၃)တပ်ဖွဲ့နှင့် ပူးပေါင်း၍ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ဆက်တိုက်ပွဲဝင် သွားမည်ဟု MSRF က ထုတ်ပြန် ထားသည်။