Home သတင်း မြဝတီ နို့ဖိုး၊ ထီးမူးထကျေးရွာသို့ လက်နက်ကြီးကျ ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

မြဝတီ နို့ဖိုး၊ ထီးမူးထကျေးရွာသို့ လက်နက်ကြီးကျ ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

1507
Photo: CJ ( နို့ဖိုး ထီးမူးထသို့ စစ်အုပ်စုစစ်ကြောင်းထိုးလာသည့် ပုံဟောင်း)

စက်တင်ဘာ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်း ပြန်စိုးမိုးရန် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်း စစ်တပ်က ကော့ကရိတ်၊ လှိုင်ဝမှ စက်တင်ဘာ ၂ ရက်နေ့တွင် ပစ်ခတ်သည့် လက်နက်ကြီးများ မြဝတီမြို့နယ်၊ နို့ဖိုး၊ ထီးမူးထ ကျေးရွာသို့ ကျရောက်ပြီး ဒေသခံများ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်တပ်က ပစ်ခတ်သည့်၁၂၀ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးသည် ကော့ကရိတ်မှတစ်ဆင့် ဒေါန တောင်ကို ဖြတ်ကျော်ကာ မြဝတီမြို့နယ် သင်္ဃန်းညီနောင်အုပ်စု မဲကနယ် အတွင်းကွင်းကလေး၊ နို့ဖိုး၊ ထီးမူထ ကျေးရွာ ထဲသို့ ကျရောက်ခဲ့ရာ ဒေသခံ ရွာသားတစ်ဦး သေဆုံးပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ်များ လည်း ပျက်စီးသွားသည်ဟု စစ်ရှောင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က နို့ဖိုး၊ ထီးမူးထမှာ စစ်တပ် လက်နက်ကြီးပစ်တော့ လူနေအိမ်တွေထိတာ မနည်းဘဲ။ နေအိမ်တွေ မီးလောင် ပစ္စည်းတွေ ပျက်စီး လူတွေထိတာ အများကြီးဘဲ။ ကော့ကရိတ်၊ လှိုင်ဝကနေ ပစ်တာ အဲဒီဘက်ကို ရောက်တာ များတယ်” ဟု ၎င်းက ပြောသည်။

ယခုလို စစ်အုပ်စုက လက်နက်ကြီးဆက်တိုက် ပစ်ခတ်နေသည့်အတွက် ထိုဒေသရှိ ဒေသခံ ပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုအပြင် စက်တင်ဘာ ၂ ရက်နေ့တွင် စစ်တပ် စစ်ကြောင်း ဝင်လာ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။

“၂ ရက်နေ့ မှာက စစ်တပ်စစ်ကြောင်း လာတယ်။ တိုက်ပွဲဖြစ်တယ်။ ရော်ဘာခြံတွေလည်း မီးလောင်းတာ ညအထိ ပါဘဲ” ဟု တော်လှန်ရေး ဆေးတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

မြဝတီ နို့ဖိုး၊ ထီးမူးထ ဒေသတွင်းသို့ စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA)၊ ပူးပေါင်းတပ်ဖွဲ့ဝင်များက ပိတ်ဆို့တိုက်ခိုက်သည့်အတွက် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ တွင်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သိရသည်။

ယခုလဆန်းပိုင်းမှစ၍ စစ်အုပ်စုက ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်း၊ လမ်းသစ်နှစ်ခု စလုံးကို အင်အား အများအပြားဖြင့် အဘက်ဘက်မှ စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး လမ်းဟောင်းဘက်တွင် စစ်အုပ်စုထိခိုက်ကျဆုံးမှုများ နေသည်ဟု မြေပြင်သတင်း ရင်းမြစ်က ပြောသည်။