Home သတင်း မြဝတီတွင် ဓါးပြ၊ ပြန်ပေးမှု၌ ပါဝင်သူကို DKBA ဖမ်းဆီးထောင်ချ

မြဝတီတွင် ဓါးပြ၊ ပြန်ပေးမှု၌ ပါဝင်သူကို DKBA ဖမ်းဆီးထောင်ချ

877

စက်တင်ဘာ ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ရှိ လုပ်ငန်းရှင်တစ်ဦးကို ငွေကြေးကိစ္စနှင့်ပတ်သက်၍ ဓါးပြ၊ ပြန်ပေးမှုတွင် ပါဝင်ခဲ့သူ ရဲထက်(ခေါ်) ကိုကိုရဲမြင့်ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)က ရှာဖွေဖမ်းဆီးပြီးနောက် စက်တင်ဘာ ၂ ရက် နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့တွင် မြဝတီမြို့ရှိ လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်ကို ဓါးပြတိုက် ခြင်းနှင့် နောက်ရက်များတွင် ၎င်းလုပ်ငန်းရှင်ကို ပြန်ပေးဆွဲခြင်းတို့ကို အုပ်စုဖွဲ့ ကျူးလွန်ခဲ့သူများထဲ အဓိက တရားခံ တစ်ဦးဖြစ်သူ ရဲထက်(ခေါ်) ကိုကိုရဲမြင့်ကို ယခုလို ရှာဖွေဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြစ်မှု မကျူးလွန်ခင်အချိန်ထိ ရဲထက်(ခေါ်) ကိုကိုရဲမြင့်သည် DKBA ကုန်သွယ်ရေးဌာန၌ ဗိုလ်မှူးအဆင့် ဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းသည် အဖွဲ့အစည်းက ချမှတ်ထားသည့် စစ်စည်းကမ်း ပုဒ်မ (၃၂)နှင့် ပုဒ်မ (၁၇) တို့ကို ကျူးလွန်သည့်အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁) နှစ် ပြစ်ဒဏ် ပေးလိုက်သည်ဟု DKBA တရားဝင်ထုတ်ပြန်ထားသည်။

ရဲထက် (ခေါ်)ကိုကိုရဲမြင့် ဦးဆောင်သည့် အဖွဲ့တွင် အဖွဲ့ဝင် ၃၀ ဦးခန့်ရှိပြီး ယခုဖြစ်စဉ်တွင် ကျူးလွန်သူ ၁၀ ဦး ရှိကြောင်း၊ ၎င်းတို့ထဲမှ ဇူလိုင် ၁၄ ရက်နေ့တွင် ပြန်ပေးငွေလာရောက် ယူဆောင်သူ တေဇာလင်း (ခေါ်) ရှောက်ပေါင်း ကို ကရင်နယ်ခြား စောင့်တပ်(BGF)က အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။

ယခုလို ဓါးပြနှင့် ပြန်ပေးဆွဲမှု ကျူးလွန်သူထံ၌ DKBA အဖွဲ့ဝင်ကဒ်ပြား တွေ့ရရှိမှုနှင့် ပတ်သက်၍ ပါဝင်ပတ်သက် နေသူများကို ရှာဖွေဖမ်းဆီးပြီး အမှုမှန် ပေါ်ပေါက်အောင် ဖော်ထုတ်သွားမည်ဟု DKBA က ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့တွင် မီဒီယာများနှင့်တွေ့ဆုံ ပြောဆိုထားသည်။

ယခု ဖြစ်စဉ်တွင် အဖွဲ့ဝင် ယာယီကဒ်ပြား ထုတ်ပေးခဲ့သူ DKBA ၏ ဗဟို ကုန်သွယ်ရေးဌာနမှူး ဗိုလ်မှူးကြီး စောထွဋ်ဖိုး ကိုလည်း ကုန်သွယ်ရေးဌာန လုပ်ငန်းတာဝန်မှ ၆ လ ရပ်ဆိုင်းကာ အပြစ်ပေးအရေးယူထားကြောင်း DKBA က တရားဝင်ပြောဆိုထားသည်။