မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုနှင့် ဆက်သွယ်မေးမြန်းခြင်း
“စစ်ဖိနပ်အောက်ရောက်အောင် တွန်းပို့ ပေးသလိုဘဲဖြစ်တယ်”
စက်တင်ဘာ ၄ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကေအဲန်ယူ၊ ကရင်အမျိုးသား အစည်းအရုံး (ဗဟို)က လက်မခံနိုင်ကြောင်း သဘောထားထုတ်ပြန်ထားပြီး ဖြစ်သည်။ ထို့အပြင် ကေအဲန်ယူ၊ တပ်မဟာ (၅)၊ မူတြော် ခရိုင်ကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်စိုးရှည်ရေအတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်၍ ၎င်းတို့ ခရိုင်ထဲရှိပြည်သူများကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် သဘောထားထုတ်ပြန်ထားပါသည်။ ယခုလို ထုတ်ပြန်ထားမှုအပေါ် မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုနှင့် ဆက်သွယ်မေးမြန်းထားသည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး။ ။ အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဥပဒေနဲ့ညီလား ဘယ်လိုမြင်လဲ။
ဖြေ။ ။ စစ်အုပ်စု ဦးဆောင်ကျင်းပမယ့်၂၀၂၅ အထွေထွေရွေးကောက်ပွဲဟာ ဥပဒေနဲ့အညီလုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ပြီးတော့လူထုတွေ လိုချင်တဲ့ရွေးကောက်ပွဲလဲမဟုတ်ဘူး ဥပဒေနဲ့လဲမညီဘူး။ နှစ်ပြည့်လုပ်ဆောင် နေရတဲ့ ရွေးကောက်ပွဲလဲမဟုတ်ဘူး။ စစ်အုပ်စုဟာသူတို့ အာဏာတည်မြဲဖို့အတွက် လုပ်ဆောင်နေတဲ့ရွေးကောက် ပွဲ တစ်ခုဘဲ ဖြစ်တယ်။
၂၀၂၁ ခုနှစ် သူတို့အတင်း အဓမ္မအာဏာသိမ်းယူတာဟာ တရားဝင်ဖြစ်ကြောင်းကို နိုင်ငံတကာ ရှေ့မှာပြဖို့ ဒီ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်။ ပြီးတော့ ရှေ့ဆက် သူတို့ စစ်အုပ်စုရဲ့ အာဏာ တည်မြဲဖို့ နိုင်ငံရေးထဲမှာ သူတို့စစ်တပ်ကဘဲ ခေတ်အဆက်ဆက် ဦးဆောင်ပြီး ခိုင်ခိုင်မာမာ ထိန်းချုပ်ဖို့အတွက် လုပ်ဆောင်နေတာလည်း ဖြစ်တယ်။ သူတို့စစ်တပ်အတွက် ကြိုးစားလုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်တယ်လို့ မြင်ပါတယ်။
မေး။ ။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုတွေ လိုချင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာနိုင်လား အမြင်ကို သိချင်ပါ တယ်။
ဖြေ။ ။ အခုလုပ်မယ်ရွေးကောက်ပွဲက ကျနော်တို့ ပြည်သူလူထုအတွက် ကောင်းကျိုးယူဆောင် ပေးလာတာ ဘာမှ မရှိပါဘူး။ ခေတ်အဆက်ဆက် ဆွေစဉ်မျိုးဆက် စစ်အာဏာရှင်သက်စိုးရှည်ဖို့ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ သာဖြစ်တဲ့အတွက် ဒါကိုကျနော်တို့က လက်ခံပေးလို့မရပါဘူး။
ဘာအကျိုး ကျေးဇူးမှ မရဘူး။ ရမှာက သူတို့စစ်အာဏာရှင်အုပ်စုရင် ပြီးရင် သူတို့နဲ့အတူ ပေါင်းလုပ် ပေါင်းစား နေတဲ့ လူတွေဘဲအကျိုး ကျေးဇူးရမယ်။ ပြည်သူလူထုအတွက်လည်း ဘာအကျိုးကျေးဇူးမှ မရှိဘူး။ ပြီးတော့ တိုင်းရင်းသား ထုအတွက်လည်း ဘာအကျိုးကျေးဇူးမှမရှိဘူး သူတို့စစ်အုပ်စုတစ်ခုအတွက်ဘဲ အကျိုးကျေးဇူးတွေ ရှိမယ်လို့ ပြောလိုပါတယ်။
မေး။ ။ ကေအဲန်ယူ၊ မူတြော်ခရိုင်အနေနဲ့က စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်ပူးပေါင်းဆောင်ရွက် တာတွေ မပြုလုပ်လုပ်ဖို့ အသိပေးထုတ်ပြန်ချက်က ဘာကြောင့်ထုတ်လာရသလဲဆိုတာ ရှင်းပြပါအုံး။
ဖြေ။ ။ အဲဒီအတွက် ကျနော်တို့ မူတြော်ခရိုင်ဘက်မှက စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲကို လက်မခံနိုင်တဲ့အပေါ်မှာ ပြည်သူလူထုတွေ လည်း သိဖို့အတွက် ပြီးတော့ ပြည်သူလူထုတွေကလည်း စစ်အာဏာရှင်လုပ်မယ့် ရွေးကောက်ပွဲဖြစ်အောင် ပါဝင် ဆောင်ရွက် တာတွေမလုပ်ဖို့ မပံ့ပိုးဖို့ကို အသိပေးထုတ်ပြန်တာ ဖြစ်တယ်။ ပြောချင်တာက ပြည်သူလူထုတွေက စစ်အာဏာရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှု လုံးဝမပြုလုပ်ဖို့ကို အသိပေးချင်တာဖြစ်တယ်။
ဒီရွေးကောက်ပွဲက ဘာကျေးဇူးမှမရှိတဲ့အပြင် ပြည်သူလူထုတွေက စစ်အုပ်စုရဲ့ လုပ်ဆောင်တဲ့ရွေးကောက်ပွဲကို ပါဝင် မယ်ဆိုရင် စစ်ဖိနပ်အောက်ရောက်ဖို့ အတင်း ကြိုးစားပြီး သွားနေရာယူတာနဲ့ အတူတူဘဲ။ ပြီးရင် သားသမီး အဆက်ဆက် အာဏာရှင် စစ်ဖိနပ်အောက်ရောက်ဖို့ ရုန်းမထွက်နိုင်ဖို့အတွက် စစ်ဖိနပ်အောက်ရောက်အောင် တွန်းပို့ ပေးသလိုဘဲဖြစ်တယ် ဆိုတာပြည်သူလူထုကို ပြောပြချင်ပါတယ်။
မေး။ ။ ပြည်သူလူထုတွေက မဖြစ်မနေ မဲသွားပေးရမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အခုအခြေအနေအပေါ် ပြည်သူလူထုတွေကို သွားပူးပေါင်းတာတွေမလုပ်ဖို့အတွက် အသိပေးထုတ်ပြန် စာ ထုတ်ပြန်တာ ဖြစ်တယ်။ ပြည်သူလူထုတော်တော်များများက စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ် ဆောင်ချင်ဘူး ဆိုတာကိုလည်း ကျနော်တို့ သိရတယ်။ အဲဒါကြောင့် အတင်းအဓမ္မ ခိုင်းစေတာတွေမလုပ်ဖို့ မရှိ စေဖို့ကို ဒီစာကိုထုတ်ပြန်တာ ဖြစ်တယ်။ ပြည်သူလူထုကိုတွေကို ပြောချင်တာက စစ်အာဏာရှင်က လုပ်မယ့် ရွေးကောက်ပွဲကို ဘာမှမကြောက်နဲ့ ကိုယ့်အခွင့်အရေးက ကိုယ့်လက်ထဲမှာဘဲရှိတယ်။ မဲပေးတာက ကျနော်တို့ မပေးချင်ရင် နေလို့ရတယ် ဒါကကိုယ့်အခွင့်အရေးဘဲ။ သူတို့ မဲကိုမသွားပေးရင် သူတို့ဘာမှ လုပ်လို့မရဘူး။ ဒါကြောင့် မဲမသွားပေးဖို့ ကိုပြည်သူလုထုတွေကို အသိပေးရတာ ဖြစ်တယ်။


















