Home သတင်း ကျောက်ခက် ဆေးရုံဟောင်းကို ကာမီကာဇီ ဒရုန်း ၂ စင်းဖြင့် စစ်အုပ်စု တိုက်ခိုက်

ကျောက်ခက် ဆေးရုံဟောင်းကို ကာမီကာဇီ ဒရုန်း ၂ စင်းဖြင့် စစ်အုပ်စု တိုက်ခိုက်

621
Photo: DKBA

စက်တင်ဘာ ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ၊ ကျောက်ခက်ဒေသရှိ ဆေးရုံဟောင်းတစ်ခုကို စစ်အုပ်စုက အသေခံ ကာမီကာဇီ ဒရုန်း ၂ စင်းဖြင့် ယနေ့ (စက်တင်ဘာ ၄ ရက်) နံနက် ၈ နာရီခွဲ အချိန်တွင် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်အုပ်စု၏ ကာမီကာဇီ ဒရုန်း ၂ စီး ပေါက်ကွဲမှုကြောင့် ကျောက်ခက်ဆေးရုံ အဆောင်ဟောင်း အမိုးပွင့်ထွက်ပြီး အခန်းနံရံများ ပြိုကျပျက်စီးသွားပြီး လူထိခိုက်မှုမရှိကိုမူ အတည်ပြု၍ မရသေးကြောင်း ကနဦးသိရသည်။ ထို့အပြင် ဒရုန်းများကျရောက် ပေါက်ကွဲသည့် နေရာအနီးတွင် အခြေခံပညာမူလတန်းကျောင်းရှိပြီး ကျောင်းကို တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုဘဲ ကျောက်ခက် စာသင်ကျောင်းနား ဒရုန်းကျတယ်။ အသံ အကျယ်ကြီးဘဲ၊ ကျောင်းကို ဗုံးချ တာထင် တယ်။ နဲနဲလွဲ သွားတာလို့တော့ ပြောနေတယ်၊ ဆေးရုံ အဆောင်ဟောင်းပေါ် ကျပေါက်တယ်။ အမိုးတွေ ပွင့် ထွက်၊ နံရံတွေ ပွင့်ထွက်ပြိုကျတယ်။ လူတော့ထိမထိ မသိရသေးဘူး” ဟု ကျောက်ခက် ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Photo: DKBA

ယခုလို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် ကျောက်ခက်ဒေသခံများ လေကြောင်းရန် သတိဖြင့် နေထိုင်နေရသလို စာသင်ကျောင်းများ ယာယီပိတ်ထားလိုက်ကြောင်း၊ ဒေသတွင်းရှိ DKBA တပ်ဖွဲ့ဝင်များလည်း စစ်ရေးသတိအနေအထားဖြင့် ဒရုန်းဗုံးကျရောက်သည့် နေရာကို ရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု သိရသည်။

နောက်ဆုံးရရှိသည့် သတင်းအရ ဒရုန်း ၂ စင်းစလုံး ဆေးရုံဟောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

ထို့အပြင် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း အာဏာသိမ်း စစ်တပ်က ကေအဲန်ယူ၊ ပိုင်ကျုံမြို့နယ် ရှိ နော်တခီးအခြေခံပညာအလယ်တန်းကျောင်းသို့ ကလေးသူငယ်များ ကျောင်းတက်သည့် အချိန်အတွင်း ကာမီကာဇီ ဒရုန်းဖြင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကျောင်းသားတစ်ဦး၊ ဆရာတစ်ဦးနှင့် ဆရာမ တစ်ဦးတို့ ဒဏ်ရာ ရရှိသွားခဲ့သည်။