Home သတင်း မြဝတီသို့ အလည်သွားပြီး ပြန်လာသူ ထိုင်းအမျိုးသမီးကို မူးယစ်ဆေးများနှင့်အတူ မဲဆောက်၌ ဖမ်းမိ

မြဝတီသို့ အလည်သွားပြီး ပြန်လာသူ ထိုင်းအမျိုးသမီးကို မူးယစ်ဆေးများနှင့်အတူ မဲဆောက်၌ ဖမ်းမိ

461
Photo: Social Media

ဩဂုတ် ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့သို့ ဘုရားဖူး အလည်သွားပြီး အမှတ် (၁) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လာသူ အသက် (၆၂) အရွယ် ထိုင်းအမျိုးသမီး တစ်ဦးကို YW စိတ်ကြွမူးယစ်ဆေး အလုံး ၃၀,၀၀၀ အပါအဝင် တခြားမူးယစ်ဆေးဝါးများကို ထိုင်းအာဏာပိုင်များက ဩဂုတ် ၈ ရက်နေ့တွင် ဖမ်းမိခဲ့သည်။

ရဲအရာရှိများ၏ စစ်ဆေးချက်များအရ ထိုအမျိုးသမီးသည် မြဝတီမြို့သို့ ဘုရားဖူး သွားရောက်ခြင်း ဖြစ်ပြီး ဂိတ် ဖြတ်ချိန် အာဏာပိုင်များက စစ်ဆေးရာ လက်ဖက်ခြောက်အိတ်အတွင်း ထည့်သွင်းထားသယ်ဆောင် လာသည့် မူးယစ်ဆေးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မစ္စဖွမ်းထစ်ဟု အမည်ရသူ အဆိုပါအမျိုးသမီးသည် နခွန်ပထုံဒေသခံ ထိုင်းတစ်ဦးဖြစ်ပြီး မြဝတီမြို့သို့ သူငယ်ချင်းဖြစ်သူ မကေနှင့် အတူသွားရောက်ရန် ဘန်ကောက် မော်ချစ်ကားဝင်းမှ မဲဆောက်သို့ ရောက်ရှိလာကာ နယ်ခြားကူးလက်မှတ်ဖြင့် မြဝတီဘက်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အပြန်ခရီးတွင် သူမ၏ သူငယ်ချင်းဖြစ်သူက ဂိတ်ဖြတ်သန်းချိန် မကေကူသယ်ခိုင်းသော အိတ်ကို သယ်ဆောင် ပေးခြင်းဖြစ်ပြီး သူမအနေဖြင့် တစုံတရာသိရှိခြင်းမရှိဟု ရဲများထံ ထွက်ဆိုထားသည်။

Photo: Social Media

လတ်တလောတွင် သူမနှင့် ခရီးသွားဖော် မကေသည်လည်း အာဏာပိုင်များစစ်ဆေးနေချိန် ကမ်းနဖူးနားတွင် ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က ဆက်စပ်တရားခံအဖြစ် ရှာဖွေလျက်ရှိသည်။

အာဏာပိုင်များ စစ်ဆေးရာတွင် လက်ဆွဲအိတ်အတွင်း GUANYINWANG လက်ဖက်ခြောက်ထုတ်များဖြင့် ထုတ်ပိုးထားသည့် အလုံးရေ ၃၀,၀၀၀ (WY) ဆေးပြား အထုပ်ကြီး ၃ ထုပ်၊ (ICE) ရေခဲဟု ခေါ်သော မူးယစ်ဆေး ကီလိုဂရမ် တစ်ထောင်ကျော်ကို တွေ့ရှိခဲ့ရသည်။

နခွန်ပထုံသူ မစ္စဖွမ်ထစ် က မြဝတီအပြန်ခရီးမှ မူးယစ်ဆေးသယ်ဆောင်လာသည်ကို ငြင်းဆိုထားသော်လည်း ရဲတပ်ဖွဲ့က ယုံကြည်ခြင်းမရှိသေးပေ။

မူးယစ်ဆေး ၃ သောင်းကျော်ကို သယ်ဆောင်လာသော ထိုင်းအမျိုးသမီးကို မဲဆောက်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ကိုးကား – สำนักข่าวนครแม่สอด