Home ဆောင်းပါး “နော်ဆာမူး — တောထဲက ဖြူစင်ရိုးရှင်းသော ဆေးဆရာမ အိပ်မက်”

“နော်ဆာမူး — တောထဲက ဖြူစင်ရိုးရှင်းသော ဆေးဆရာမ အိပ်မက်”

933

“နော်ဆာမူး — တောထဲက ဖြူစင်ရိုးရှင်းသော ဆေးဆရာမ အိပ်မက်”

နန်းဝေဖြိုးဇာ

(ဩဂုတ် ၆ ၊ ၂၀၂၅)

ရှေ့တန်းမှာ ဒဏ်ရာရလာတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ ငှက်ဖျားရောဂါ ခံစားနေရတဲ့ ရဲဘော် ၆ ယောက် အတွက် လူငယ်မိန်းကလေး ၄ ယောက်က တီးတိုးစကားပြောလျက်၊ ပြုံးလျက်၊ ထမင်းဟင်းချက်လို့ နေပါတယ်။

အခုမြင်ကွင်းက ကော့ကရိတ်မြို့နယ် ရှေ့တန်းအနီးရှိ တော်လှန်ရေးရဲဘော်များအတွက် ဆေးကုသနေရာတစ်ခုမှာ ဆေးကုသမှုနဲ့အတူ လူနာများအတွက် အစားအစာ ပြင်ဆင်နေတဲ့ ဆေးဆရာမလေးများရဲ့ နေ့စဉ်လုပ်ငန်းမှတ်တမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ထမင်းချက်နေသူများထဲမှာ အသားဖြူဖြူ၊ မျက်မှန်တပ်ထားတဲ့ ၂၂ နှစ်အရွယ် နော်ဆာမူးလည်း ပါဝင်ပါတယ်။ ဒီအသက်အရွယ်က မိန်းမပျိုများအတွက် အိပ်မက်များကို စတင်အကောင်အထည်ဖော်ချိန်ဖြစ်ပေမဲ့ ပဋိပက္ခနယ်မြေထဲ မွေးဖွားကြီးပြင်းရတဲ့လူငယ်တွေအဖို့ကတော့ အလွန်ခက်ခဲပါတယ်။

နော်ဆာမူးဟာ ကော့ကရိတ်မြို့အနီး သစ်ရိပ်ဝါးရိပ်လှပတဲ့ ကော့နွဲရွာမှာ မွေးဖွားကြီးပြင်းပြီး အစ်ကိုတစ်ဦး၊ မောင်တစ်ဦးတို့နဲ့အတူ ငယ်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ သူမ ၁၀ တန်းအောင် မတိုင်ခင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းပိတ်ခဲ့ရတယ်။ အဲဒီနောက် ၂၀၂၁မှာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၂၀၂၂ ခုနှစ်မှာ ရွာထဲ တိုက်ပွဲဖြစ်ပွားသဖြင့် တစ်ရွာလုံး ထွက်ပြေးခဲ့ရပါတယ်။

“ကျောင်းပြန်ဖွင့် ဆယ်တန်းတက်နေချိန် တစ်လ၊ နှစ်လလောက်ပဲ ရှိသေးတယ်။ ၂၀၂၂ မှာ ရွာမှာ တိုက်ပွဲ ဖြစ်လို့ တစ်ရွာလုံး ထွက်ပြေးခဲ့ရတယ်” လို့ နော်ဆာမူးက ပြောပါတယ်။

ကျေးလက်ဒေသက မိန်းကလေးတွေအတွက် ကျောင်းဆရာမ ဒါမှမဟုတ် ဆေးဆရာမ ဖြစ်ဖို့ စိတ်ကူး ထားလေ့ရှိပါတယ်။ နော်ဆာမူးလည်း ငယ်စဉ်က ဆေးကုသသူဖြစ်လာဖို့ စိတ်ကူးထားခဲ့ပါတယ်။ သို့ပေမဲ့ စစ်ရှောင်နေရချိန်မှာ အဲဒီအိပ်မက်ဟာ ဖြစ်နိုင်တော့မလားလို့ သူမစိတ်ထဲတွေးမိခဲ့တယ်။

“ကျောင်းလည်း မတက်ရတော့ဘူး၊ တောထဲမှာ စစ်ရှောင်တဲ့အချိန်မှာ နေမကောင်းဖျားနာတဲ့ လူတွေ ဒုက္ခ ဖြစ်နေတာကို တွေ့ရတော့ စိတ်မကောင်းဖြစ်ဘူး။ ကံကောင်းသွားတာက ကျမအဖိုးအသိကနေတစ်ဆင့် ဆေးသင်တန်း ခေါ်တယ်လို့ ပြောတော့ အဖေက သွားတက်လို့ ပြောတော့၊ တက်ဖြစ်လိုက်တာ”လို့ သူမက ပြန်ပြောပြပါတယ်။

၂၀၂၃ ခုနှစ်မှာ လူထုကျန်းမာရေးလုပ်သား (CHW) အခြေခံဆေးသင်တန်း ၆ လ နော်ဆာမူး တက်ခွင့်ရပါတယ်။ သင်တန်းပြီးနောက် ကော့ကရိတ်မြို့နယ်ရှိ ဆေးခန်းတစ်ခုမှာ ပြန်တာဝန်ကျပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ “အောင်ဇေယျ” စစ်ဆင်ရေးကြောင့် ကော့ကရိတ်–မြဝတီ အာရှလမ်းတလျှောက် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲ တွေဖြစ်ပွားတဲ့အတွက် နော်ဆာမူးဟာ တစ်ခါတစ်ရံ ရှေ့တန်းသွားကာ ဒဏ်ရာရသူတွေကို ဆေးကုသပေးရပါတယ်။

ဒါပေမဲ့ သူမဟာ အခြေခံဆေးပညာကို ၆ လသာ သင်ယူခဲ့ရတဲ့အတွက် ဆေးကုသတဲ့အပိုင်းမှာ လိုအပ်ချက် တွေရှိနေသေးပြီး နေမကောင်းတဲ့ ရဲဘော်တွေ၊ ပြည်သူတွေကို တွေ့ရင် ကုသပေးနိုင်ဖို့ ဆေးပညာ ထပ်သင်ယူချင် သေးတယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရတဲ့ ရဲဘော်တွေကို တွေ့တော့ ကျမ ကုပေးချင်တယ်။ ဒါပေမဲ့ ကိုယ်တိုင်က အခြေခံဆေးပညာပဲ တတ်သေးတော့ အများကြီး မကုပေးနိုင်ဘူး။ အဲဒါကြောင့် ဒဏ်ရာရတဲ့ လူတွေအတွက် ကုပေးတဲ့ ခွဲစိတ်ပိုင်းတွေကိုလည်း တက်ချင်သေးတယ်။” လို့ သူမရဲ့ ရည်မှန်းချက်ကို ပြောပြပါတယ်။

စစ်ရှောင်နေရချိန် တော်လှန်ရေးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးတာကလွဲလို့ တခြားအရာတွေကို မမျှော်လင့်ထားသေးဘူးလို့ နော်ဆာမူးက ဆိုပါတယ်။ နောက် သူမရဲ့ ကော့နွဲရွာမှာလည်း မိသားစုနဲ့ အရင်အေးအေးချမ်းချမ်း ပြန်နေချင်ပေမယ့်လည်း သူတို့မိသားစုအိမ်ကို စစ်ကောင်စီတပ်က မီးရှို့လိုက်တဲ့အတွက် ပြန်နေဖို့ အိမ်မရှိတော့တဲ့ အခြေအနေပါ။

လူငယ်သဘာဝအတိုင်း သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်ရွှင်ချင်ပေမယ့်၊ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီဖို့ ခံယူထားတယ်လို့ အသက်အရွယ်ထက် ရင့်ကျက်သော အေးချမ်းတည်ငြိမ်တဲ့ မျက်နှာထားနဲ့ အဝေးကိုငေးရင်း သူမက ပြောပါတယ်။

ခေတ်စနစ်ရဲ့ အခြေအနေအရ စစ်ဘေးရှောင်ဘဝဖြစ်ဖြစ်၊ တခြားနေရာတွေကို တိမ်းရှောင်နေရတာ ဖြစ်ဖြစ်၊ လူငယ်တွေ အနေနဲ့ စိတ်ဓါတ်မကျဘဲ ဘဝကို တန်ဘိုးရှိရှိ ဖြတ်သန်းသွားဖို့လည်း ဘဝတူ လူငယ်တွေကို အားပေးချင်တယ်လို့ သူမက အားရှိစွာပြောပါတယ်။

နော်ဆာမူးရဲ့ ရည်မှန်းချက်မှာ အဆင့်မြင့်ဆေးပညာ သင်ယူပြီး ကျေးလက်ဒေသတွင် တာဝန်ထမ်းဆောင်နိုင်မယ့် ဆေးဆရာမကောင်း တစ်ဦး ဖြစ်ဖို့ပင် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆေးခန်းမှာ လူနာများကို ကုသပေးကာ အစာအဟာရ ပြည့်ဝစေဖို့ နေ့စဉ် အစားအစာချက်ပြုတ်နေရင်း နောက်ထပ် ဆေးပညာ သင်ယူနိုင်ဖို့ နော်ဆာမူးတစ်ယောက် စောင့်နေရင်းပါ….။