Home သတင်း တမိုင်တောင်စခန်းကုန်းမှ စစ်ကောင်စီတပ်တွေဆုတ်ခွာ KNLA ပူးပေါင်းတပ်များ စခန်းပြန်ထိန်းချုပ်

တမိုင်တောင်စခန်းကုန်းမှ စစ်ကောင်စီတပ်တွေဆုတ်ခွာ KNLA ပူးပေါင်းတပ်များ စခန်းပြန်ထိန်းချုပ်

644

ဩဂုတ် ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်ထိန်းချုပ်နယ်မြေ၊ လယ်မူလာ (ပုလော)မြို့နယ်၊ အင်ဖုံးကျေးရွာအုပ်စုအတွင်းရှိသည့် တမိုင်တောင်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဩဂုတ် ၁၇ ရက်နေ့တွင် ဆုတ်ခွာသွားပြီး ထိုစခန်းကို KNLA ပူးပေါင်းတပ်က ထိန်းချုပ်လိုက်သည်ဟု ခရိုင်ပြန် ကြားရေးက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၈၅ တပ်စွဲထားသည့် တမိုင်တောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA အထူးတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)တို့မှ ပြီးခဲ့သည့်တစ်လအတွင်း ရိက္ခာဖြတ်တောက်ပိတ်ဆို့မှု ပြုလုပ်ခဲ့သဖြင့် ယခုလိုစခန်းစွန့်ခွာသွားခြင်း ဖြစ်သည်ဟု မြိတ်-ထားဝယ်ခရိုင် ထံမှ သိရသည်။
စစ်ကောင်စီ ဆုတ်ခွာပြီးနောက် KNLA ပူးပေါင်းတပ်က တမိုင်တောင်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင် ပြီးနောက် ပြန်လည်ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လက ပုလောမြို့နယ် ပုလောကုန်းကျေးရွာအခြေစိုက် စစ်တပ်စခန်းကို KNDO တပ်က ထိန်းချုပ်ခဲ့ပြီးနောက် ပုလောကုန်းမှဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များမှာ အဆိုပါတမိုင်တောင် စခန်း၌ ပြောင်းလဲအခြေချတပ်စွဲ ထားခြင်း ဖြစ်သည်။

Photo-KNU

“စစ်ပြင်ကြီးရွာကပ်ရက်က တမိုင်တောင်မှာ စကစ အခြေစိုက်စခန်း ရှိတယ်။ စကစမှာ ထွက်ပေါက်က အဲဒီ စစ်ပြင်ကြီး ရွာတစ်ပေါက်ပဲ။ ကျနော်တို့ ဝိုင်းပိတ်ဆို့ပြီး စစ်ရေးကစားတဲ့ အနေအထားပေါ့” ဟု ၂၀၂၅ ဇူလိုင်လ(၁၁)ရက်က KNDO တပ်ရင်း(၇) တပ်ခွဲ(၅)တာဝန်ရှိ ကိုဗဟုက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်စွဲလာသည့်အချိန်မှစပြီး ပုလောမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်း၊ ကင်းပုန်းဝပ်ခြင်းတို့ကြောင့် ဒေသခံများနေရပ်မပြန်နိုင်ကြကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များမှ သိရသည်။ ထို့ကြောင့် စစ်ကောင်စီစခန်းနေရာများကို ထောက်ပို့ရိက္ခာဖြတ်တောက်ရေး နည်းလမ်းဖြင့် စစ်ရေးလှုပ်ရှားဆောင်ရွက်နေသည်ဟု တနင်္သာရီအခြေစိုက် တော်လှန်ရေးတပ်များကဆိုသည်။

ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်၊ ထီးခီးဒေသအတွင်းတွင်လည်း ယခုနှစ်၏ ခြောက်လတာ ကာလပတ်လုံး စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာရမှုရှိခဲ့ပြီး အလုံးစုံနီးပါး KNLA ပူးပေါင်းတပ်က ပြန်လည်ထိန်းချုပ် ထားပြီး ဖြစ်ကြောင်း သိရသည်။