ဩဂုတ် ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်တပ်က လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့ (တနင်္ဂနွေနေ့) တွင် အထွေထွေရွေးကောက်ပွဲ အပိုင်း-၁ ကို စတင်ကျင်းပသွားမည်ဟု ၎င်းတို့၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
ပြီးခဲ့သည့် ၂၀၁၅၊ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အများစုအနိုင်ရခဲ့သည့် မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီများ စစ်အုပ်စု၏ ရွေးကောက်ပွဲ ကော် မရှင်၌ ပါတီ ပြန်လည် မှတ်ပုံမတင်သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်တော့မည် မဟုတ်ကြောင်း သိရ သည်။
အဆိုပါ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒ နယ်များကို ထုတ်ပြန်ကြေငြာခဲ့ပြီး ပြည်သူ့ လွှတ်တော်အတွက် ယခင်ရွေးကောက်ပွဲများအတိုင်း မဲအများဆုံးရ ကိုယ်စားလှယ်က အနိုင်ရသည့် စနစ်ကို ကျင်းသုံးသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အမျိုးသားလွှတ်တော်တွင်မူ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုလျင် ကိုယ်စားလှယ် ၁၂ ဦး၊ မဲဆန္ဒနယ် ၁၂ ခုတွင် ၆ ခုကို မဲအများဆုံးရ သူက အနိုင်ရသည့် စနစ်ကျင့်သုံးမည်ဖြစ်ပြီး ကျန် ၆ နေရာကိုအား အချိုးကျ ကိုယ်စားလှယ် စနစ်ကျင့်သုံးမည်ဟု ထုတ်ပြန်ထားသေးသည်။
အလားတူ တစ်မြို့နယ်လျင် မဲဆန္ဒနယ် ၂ နေရာရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်အတွက် မြို့နယ် တစ်ခုလျင် တစ်နေရာစီကို မဲအများဆုံးရသူက အနိုင်ရသည် ရွေးကောက်ပွဲ စနစ်အတိုင်း ကျင်းပမည် ဖြစ်ပြီး ကျန် တစ်ရာကိုမူ မဲဆန္ဒနယ်ခရိုင်အလိုက် သတ်မှတ်ပြီး အချိုးကျ ကိုယ်စားပြု စနစ်ကျင့်သုံးသွားမည်ဟု ထုတ်ပြန်ထား သည်။
ထို့အပြင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ကိုမူ ယခင်ရွေးကောက်ပွဲများ နည်းတူ မဲအများဆုံးရသူက အနိုင်ရသည့် စနစ်ကျင့်သုံးသွားမည်ဖြစ်သည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့တွင် နေပြည်တော်သို့ လာရောက်ပြီးနောက် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြောဆိုခဲ့ပြီး တစ်နှစ်အကြာတွင် ရွေးကောက်ပွဲ စတင် ကျင်းပမည့်ရက်နှင့် ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့် ပုံစံ များကို စစ်အုပ်စုက ထုတ်ပြန်လာခြင်း ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲတွင် ပြည်တွင်း၌ မှတ်ပုံတင် ရပ်တည်နေသည့် ကရင် နိုင်ငံရေးပါတီ ၃ ပါတီတို့ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အဓိကထား ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်နေမှုများလည်း ရှိကြောင်း သိရသည်။



















