Home Facts Checking News KNU ဆီပို့မယ့် ဒရုန်းတွေ ထိုင်းမှာ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

KNU ဆီပို့မယ့် ဒရုန်းတွေ ထိုင်းမှာ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

1287

KNU ဆီပို့မယ့် ဒရုန်းတွေ ထိုင်းမှာ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

Fact Check| Dawei Watch/ KIC/ The Red Flag၊ သြဂုတ် ၈

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ဒေသမှာ စင်ကာပူနိုင်ငံက ကုမ္ပဏီတစ်ခုပိုင်တဲ့ ဂိုဒေါင် တစ်လုံးအထဲကနေ ဒရုန်းတွေ၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ အခုရေ ၂၀၀ကျော်ကို သြဂုတ်လ ၅ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဒရုန်းတွေနဲ့ ဒရုန်းဆက်စပ်ပစ္စည်းတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆီပို့မယ့် ပစ္စည်းတွေဖြစ်တယ်လို့ စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ Facebook လူမှုကွန်ရက်တွေမှာ ရေးသားဖြန့်ချိကြပါတယ်။

အဲဒီဖြန့်ချိမှုနဲ့ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ Karen Information Center (KIC) တို့က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

Suscriber ပြုလုပ်ထားသူ ရှစ်ထောင်ကျော်ကနေ ရှစ်သောင်းခြောက်ထောင်ကျော်အထိ ရှိတဲ့ Min Din ၊ Snow Queen ၊ U Kyaw Soe Oo စတဲ့ အမည်နဲ့ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်တွေက ဖြန့်ချိနေကြတာဖြစ်ပါတယ်။ အဲဒီဖြန့်ချိမှုတွေကို မြင်တွေ့ရပြီးသူ ရှစ်ရာကျော်ကနေ တစ်သောင်းကိုးထောင်ကျော်အထိရှိပြီး ဆက်လက်ပျံ့နှံ့ နေတာကို အောက်ပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

Min Din ချန်နယ် လင့်ခ် – https://archive.ph/JrwSq

Snow Queen ချန်နယ် လင့်ခ် – https://archive.ph/080A7

U Kyaw Soe Oo ချန်နယ် လင့်ခ် – https://archive.ph/9ExXo

ဒါ့အပြင် Facebook လူမှုကွန်ရက်မှာလည်းအလားတူ ဖြန့်ချိမှုတွေရှိနေပါတယ် ။

Follower နှစ်သိန်းကျော်ရှိတဲ့ Yamanya Time News Agency ဆိုတဲ့ page က ဖော်ပြထားတာကို Reaction ပြုလုပ်ထားသူ ငါးရာကျော်၊ ပြန်မျှဝေသူဦးရေ တစ်ရာနဲ့ ဆက်လက်ပျံ့နှံ့နေတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ် – https://archive.ph/itaZI

ထိုင်းမှာ ဒရုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိ

စမွတ်ပရကန်ဒေသမှာရှိတဲ့ ဂိုဒေါင်တစ်လုံးမှာ ထိုင်းရဲတပ်ဖွဲ့က သြဂုတ်လ ၅ ရက်မှာ ဒရုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ၂၀၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ အဲဒီသတင်းတွေကို ကိုးကားပြီး မြန်မာသတင်းမီဒီယာတွေကလည်း ရေးသားဖော်ပြခဲ့ကြပါတယ်။

ဒရုန်း ၂၉ စီး၊ ထောက်လှမ်းမှု အချက်ပြကရိယာ ၃၈ လုံး၊ အချက်ပြစနစ် ဖျက်ဆီးရေးလက်နက် ၁၂၉ လက်၊ Jamming ကိရိယာ ၁၆ ခု၊ အချက်ပြမှုဖမ်းယူပြီး နှောင့်ယှက်ရာမှာ အသုံးပြုတဲ့ ဗန်ကားတစ်စီးနဲ့ တခြားဆက်စပ်ပစ္စည်း ၅၀ ကို ဖမ်းမိခဲ့တာပါ။

အဲဒီဂိုဒေါင်ဟာ စင်ကာပူနိုင်ငံကုမ္ပဏီ TRD Systems Pte Ltd က ပိုင်တာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ပြီးတော့ အရည်အသွေးမြင့် ဒရုန်းတွေကို တင်သွင်းနေတာဖြစ်ပြီး အစိုးရအေဂျင်စီတွေဆီကို ရောင်းချနေတာ သုံးနှစ်လောက်ရှိနေပြီလို့ ဘန်ကောက်ပို့စ်သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဖမ်းဆီးထားတဲ့ ပစ္စည်းတွေဟာ နိုင်ငံတော်လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုရှိ မရှိကို ဆက်လက်စုံစမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အထက်ပါဖြစ်ရပ်နဲ့ ပတ်သက်လို့ ထိုင်းသတင်းဌာနကတစ်ခုဖြစ်တဲ့ Bangkok Post က အင်္ဂလိပ်ဘာသာနဲ့ဖော်ပြတဲ့ သတင်းကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

Bangkok Post သတင်းလင့်ခ် – https://shorturl.at/Vtkj6

Bangkok Post သတင်းကို ကိုးကားပြီး The Irrawaddy – Burmese Edition က ဖော်ပြထားတဲ့ သတင်းကိုလည်း အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ဧရာဝတီ သတင်းလင့်ခ် – https://shorturl.at/jZucJ

နောက်ထပ် ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Nation သတင်းဌာနကလည်း အခုဖမ်းမိထားတဲ့ ပစ္စည်းတွေဟာ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ဆက်နွှယ်မှု ရှိမရှိ ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သတင်း ဖော်ပြပါတယ်။

The Nation သတင်းလင့်ခ် – https://shorturl.at/ZdtJa

ထိုင်းသတင်းကို ကိုးကားပြီး ဖော်ပြတဲ့ Migrant Time သတင်းဌာနရဲ့ သတင်းတစ်ရပ်မှာ အခု ဒရုန်းတွေ သိမ်းဆည်းခံရတဲ့ ကုမ္ပဏီဟာ အစိုးရအဖွဲ့အစည်း (အစိုးရအေဂျင်စီ) တွေကို ရောင်းချတဲ့ကုမ္ပဏီဖြစ်တယ်လို့ဖော်ပြပါတယ် ။

Migrant Times သတင်းလင့်ခ် – https://shorturl.at/PpIPV

KNU ဆီပို့မယ့် ပစ္စည်းတွေလို့ ဖော်ပြတာမရှိ

အခုဖမ်းဆီးရမိတဲ့ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေဟာ KNU ဆီပို့မယ့်ပစ္စည်းတွေ ဖြစ်တယ်လို့ စစ်အုပ်စု ဝါဒဖြန့်သူတွေရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး KNU (ဗဟို) ပြောခွင့်ရ ပဒိုစောကလယ်စေး ဆီကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်စပ်မှု မရှိဘူးလို့ တုံ့ပြန်ပါတယ်။

“လွဲမှားနေပါတယ်” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်မှာလည်း KNU ဒါမှမဟုတ် မြန်မာနိုင်ငံသို့ ပို့ဆောင်ပစ္စည်းတွေ ဖြစ်တယ်ဆိုပြီး တစ်စုံတစ်ရာ ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။

ထိုင်းအစိုးရအေဂျင်စီတွေဆီကို တင်ပို့နေတဲ့ ကုမ္ပဏီပိုင် ပစ္စည်းတွေ ဖြစ်တဲ့အကြောင်း ထိုင်းအာဏာပိုင်တွေ ပြောဆိုချက်ကို ကိုးကားဖော်ပြထားတာပဲ တွေ့ရပါတယ်။

ဝင်ရောက်ဖမ်းဆီးရတဲ့ အကြောင်းအရင်းကလည်း ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်တင်းမာမှုတွေကြောင့် အရပ်ဘက် ဒရုန်းပျံသန်းမှုများကို ထိုင်းနိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ဇူလိုင် ၃၀ရက်မှ သြဂုတ် ၁၅ ရက်အထိ နိုင်ငံတစ်ဝန်း ပိတ်ပင်ထားတာနဲ့ ဆက်စပ်တယ်လို့ပဲ ဖော်ပြတာ တွေ့ရပါတယ်။

ဒါ့ကြောင့် အခုဖမ်းမိတဲ့ ဒရုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေဟာ KNU ဆီပို့မယ့် ပစ္စည်းတွေဖြစ်တဲ့ဆိုတဲ့ စစ်အုပ်စု ဝါဒဖြန့်ချန်နယ်တွေရဲ့ ဖော်ပြချက်တွေဟာ အချိန်ကိုက် ဖြန့်ဝေတဲ့ သတင်းအမှားပဲ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ KIC နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web-https://myanmarfactcheckingnetwork.org/

Fb-https://www.facebook.com/myanmarfactcheckingnetwork