ဩဂုတ် ၁၆ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် -BGF/ကရင်အမျိုးသားတပ်မတော် -KNA ၏ အမှတ် (၂) စစ်ဒေသမှ ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် ၁၉/၂၀၂၅ မှ တပ်သားသစ် ၅၂၀ ဦးသည် ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
BGF/KNA နယ်မြေတွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်သင်တန်းကို (၃) လတာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲအတွင်း တပ်သားသစ်များအတွက် လက်နက်တပါတည်း တပ်ဆင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်းက “ရဲဘော်တိုရဲ့ အဓိကရည်မှန်းချက်က တိုင်းပြည်အနာဂတ်မှာ ငြိမ်းချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ဖိုတာဝန်ဖြစ်တယ်။ ရှုပ်ထွေးနေတဲ့ကာလမှာ ပြည်သူ အသက်အိုးအိမ် စည်းစိမ် လုံခြုံစေဖို ကာကွယ်စောင့်ရှောက်ရမှာလည်း ဖြစ်တယ်” ဟု သင်တန်းဆင်းပွဲ၌ ပြောသည်။
ထိုအပြင် “ကရင်-ဗမာ မခွဲခြား၊ လူမျိုးရေး မခွဲခြားဘဲ မိမိတို ဒေသဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်မှာ တိုင်းရင်းသားအားလုံး၏ တာဝန်လည်းဖြစ်သည်” ဟုလည်း စောတင်ဝင်းက အမှာစကား ထည့်သွင်းပြောကြားခဲ့သည်။
စစ်အုပ်စုထံမှ လစာမယူဘဲ သီးခြားရပ်တည်လိုသော သဘောဖြင့် KNA အဖြစ် ပြောင်းလဲဖွဲစည်းရန် သဘောတူဆုံးဖြတ်ထားပြီးသည့် BGF သည် ကရင်ပြည်နယ်အပါအဝင် မြဝတီနယ်စပ်တွင် တပ်နယ် (၄) နယ်နှင့် အမှတ် ၁၀၁၁ မှ ၁၀၂၃ အထိ တပ်ရင်း (၁၃) ရင်း ဖွဲစည်းလှုပ်ရှားလျက်ရှိသည်။
ဒေသသတင်းရင်းမြစ်များထံမှ သိရှိချက်အရ၊ ပြီးခဲ့သည့်နှစ်က KNA ပြောင်းလဲမည့်သတင်း ထွက်ပေါ်လာပြီးနောက်ပိုင်း BGF သည် အထူးသဖြင့် ဖားအံနှင့် လှိင်းဘွဲမြိုနယ်အတွင်း တပ်သားသစ် စုဆောင်းခြင်း၊ စစ်သင်တန်းပေးခြင်းအပြင် စည်းရုံးမဲဆွယ်ရေးကိုပါ သိသိသာသာ လုပ်ဆောင်လာသည်ဟု ဆိုသည်။
ထိုအတူ ၂၀၂၄ ခုနှစ်အထိ BGF/KNA တပ်အင်အား ထောင်ဂဏန်းသာရှိသော်လည်း ယခုအချိန်တွင် အင်အား သောင်းဂဏန်းအထိ ရှိနေနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြသည်။
ယမန်နေ့က ပြုလုပ်သွားသည့် အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲကို BGF/KNA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် စောတင်ဝင်း အပါအဝင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝနှင့် အခြား BGF/KNA တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။



















