Home သတင်း သံတောင်ကြီးတွင် ဖာလာစေ့ ကြိုဝယ်သူမရှိ၍ ခြံပိုင်ရှင်များ စိုးရိမ်

သံတောင်ကြီးတွင် ဖာလာစေ့ ကြိုဝယ်သူမရှိ၍ ခြံပိုင်ရှင်များ စိုးရိမ်

1235

ဩဂုတ် ၂၀ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဖာလာခူးစေ့ ဆွတ်ခူးချိန် ရောက်ရှိတော့မည် ဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ ကြိုတင်ဝယ်ယူမည့်သူ မရှိသေး၍ ရောင်းမထွက်မည်ကို ခြံပိုင်ရှင်များ စိုးရိမ်နေသည်ဟု တောင်သူများက ပြောသည်။

ဖာလာစေ့ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခု ဖြစ်သည့် သံတောင်ကြီး မြို့နယ်တွင် ယခင်နှစ်က ဖာလာစေ့ ဆွတ်ခူး ချိန် မတိုင်မှီ ကြိုပွိုင့် ဈေးဖွင့် ဝယ်ယူရန် အဝယ်ဒိုင်များက ခြံပိုင်ရှင်များထံ ကြိုတင် ချိတ်ဆက်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ ချိတ်ဆက်လာခြင်း မရှိသေးဟု တောင်သူ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“အဝယ်မလိုက်ဘူးလို့ ကြားတယ်။ အရင်က ဒီလိုအချိန်ဆို ခန့်မှန်းဈေးတွေ ထွက်ပြီ။ တချို့ငွေလိုတဲ့သူတွေက ဖာလာခူးမယ့်အချိန်ကျ ခြံထဲ ဆန်တို့ ဆီတို့ယူသွားဖို့၊ ကုန်သည်တွေဆီက အခုလိုအချိန် ပိုက်ဆံကြိုယူကြတာ ရှိတယ်။ အခု ကုန်သည်တွေမေးရင် ပွဲရုံက ဘာမှမကြားသေးဘူးဘဲ ပြောတယ်။ ငွေလိုတဲ့သူ ဒုက္ခရောက်တာပေါ့” ဟု ဖာလာစိုက်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နှစ်က ဖာလာစေ့ ခူးဆွတ်ရာသီ မတိုင်မှီ ဖာလာစေ့ တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ် ဈေးရှိ ရာမှ ဒီဇင်ဘာ လတွင် ၃၀,၀၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်ခဲ့သည်။ သံတောင်ကြီးတွင် ဖာလာစေ့ကို နှစ်စဥ် စက်တင်ဘာလ တွင် ခူးဆွတ်လေ့ရှိပြီး တောင်ငူ နှင့် ရန်ကုန်မြို့ရှိ ပွဲရုံများမှ တဆင့် တရုတ်နိုင်ငံဘက်သို့ ပိဿာချိန် သိန်းနှင့်ချီ တင်ပို့ လေ့ရှိသည်ဟု ပွဲရုံပိုင်ရှင်များ ထံမှ သိရသည်။

“အဓိကကတော့ တရုတ်ကဝယ်တာပေါ့။ အခုလောလောဆယ် ဝယ်လက်မရှိဘူး။ ဒီနှစ် ဖာလာ မဝယ်တော့ဘူးတို့၊ အစိုးရ(စစ်ကောင်စီ)က ပါမစ်မချလို့တို့ အမျိုးမျိုးကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သံတောင်ကြီးမြို့နယ်အတွင်း ယခုနှစ်မိုးတွင်းကာလ တောင်ကျ ချောင်းရေလျှံပြီး ရေကြီး၊ မြေပြိုမှုများ များကြောင့် ဖာလာစေ့ ဈေးကွက်ကို သက်ရောက်မှုရှိမည်ကိုလည်း စိုက်ပျိုးသူများက စိုးရိမ်နေကြသည်။ မြေပြိုမှု အတွင်း ဖာလာ စိုက်ခင်းများနှင့် အခြားဥယျာဉ် ခြံများလည်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံတွင် ဖာလာစေ့ စိုက်ပျိုးခြင်း ကို ကရင်နီ(ကယား)ပြည်နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့ နယ်တို့တွင် အများဆုံး စိုက်ပျိုးလေ့ရှိပြီး ဟင်းခတ်အမွှေးကြိုင်၊ စားသောက်ကုန်များနှင့် ဆေးဝါးဖော်စပ်သည့် ထုတ်ကုန်များတွင်လည်း အသုံးပြုသည်ဟု သိရသည်။