ဩဂုတ် ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုက ပြန်လည်ဖွဲ့စည်းထားသည့် မြန်မာသတင်းမီဒီယာကောင်စီ (MPC)၏ လုပ်ဆောင်ချက်များနှင့် ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေအပေါ် ကန့်ကွက်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့၊ ဩဂုတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။
မြန်မာသတင်းမီဒီယာကောင်စီ (MPC) မှ အိမ်နီးချင်းမီဒီယာနှင့် ချိတ်ဆက်လုပ်ဆောင်မှုအပေါ် IPCM က ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေသည်လည်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သလို၊ အများပြည်သူကို ခြိမ်းခြောက်သည့် ဥပဒေအဖြစ် IPCM က သုံးသပ်သည်။
MPC သည် ထောင်အတွင်း အကျဉ်းချခံထားရသည့် မီဒီယာသမားများနှင့် သတင်းလွတ် လပ်ခွင့်ရရေးအတွက် အကာအကွယ်မပေးသော စစ်အုပ်စုလက်အောက်ခံအဖွဲ့ဖြစ်၍ ၎င်းတို့၏ လှုပ်ရှားမှုမှာလည်း မြန်မာ့မီဒီယာများအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုင်းသတင်းမီဒီယာကောင်စီ (NPCT) နှင့် မြန်မာသတင်းမီဒီယာကောင်စီ (MPC) တို့ သတင်းမီဒီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်ဟုဆိုကာ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြကြောင်း စစ်အုပ်စုထံမှ သိရသည်။
MPC သည် မြန်မာသတင်းမီဒီယာအသိုင်းအဝိုင်း၏ ကိုယ်စားပြုမှုမရှိကြောင်း လွတ်လပ်သည့် သတင်းမီဒီယာဌာနနှင့် သတင်းမီဒီယာသမားအများစုက မှတ်ချက်ပြုထားသည်။ IPCM မှလည်း ထိုအိမ်နီးချင်းမီဒီယာနှင့် ချိတ်ဆက်မှုသည် ရွေးကောက်ပွဲစည်းရုံးရေးကို ဦးတည်သော လုပ်ရပ်ဖြစ်သည်ဟု ဖော်ပြသည်။
၎င်းအပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်အုပ်စုက ကော်မရှင်ဖွဲ့စည်းခြင်း၊ ပါတီမှတ်ပုံ တင်ခွင့်ပြုခြင်းနှင့် နည်းဥပဒေပြင်ဆင်အတည်ပြုခြင်းတို့အပြင် ရွေးကောက်ပွဲနှောင့်ယှက်မှုကို အကာအကွယ်ပေးရေး အခန်း (၈) ခန်းပါဝင်သော ဥပဒေကို ဇူလိုင်လမှ စတင် ပြဋ္ဌာန်းထားသည်။

ဥပဒေအခန်း (၆)၊ တားမြစ်ချက် ပုဒ်မ ၁၆ တွင် –”ရွေးကောက်ပွဲပျက်ပြားရေးအတွက် ဟောပြောခြင်း၊ စည်းရုံးခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားဖြန့်ချိခြင်း မပြုရ” ဟု ဖော်ပြထားပြီး၊ ဖောက်ဖျက်ပါက ထောင်ဒဏ်မှ သေဒဏ်အထိ ချမှတ်နိုင်သည်ဟု စစ်အုပ်စုက ပြဌာန်းထားသည်။
“ရွေးကောက်ပွဲအနှစ်သာရဆိုတာက ဒီမိုကရေစီကို ခိုင်မာအောင်လုပ်တာ။ ဒီဟာကတော့ မလုပ်ခင်ကတည်းက အတင်းကြီး ဓားမိုးပြီးလုပ်မယ့်ပုံမျိုး ဥပဒေတွေ လိုက်ထုတ်တာ။ လူတွေက သူ့ဟာသူ ပါချင်မှ ပါမှာပေါ့၊ ဆန့်ကျင်သူလည်း ရှိမှာပေါ့။ အခုကတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဘာမှ မရှိတော့ဘူး” ဟု IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က မှတ်ချက်ပြုထားသည်။
မတိုင်ခင်ကလည်း စစ်အုပ်စုက အီလက်ထရွန်နစ်နည်းပညာအသုံးပြုပြီး အလွဲသုံးစားလုပ်ခြင်း၊ အွန်လိုင်း လောင်းကစားစနစ် တည်ဆောက်ခြင်းနှင့် VPN ဝန်ဆောင်မှုပေးခြင်းတို့အတွက် အရေးယူမည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင်အသက်သွင်းထားသည်။
ထိုဥပဒေတွင် ပါဝင်သော တားမြစ်ချက်များကို ချိုးဖောက်ပါက ထောင်ဒဏ်အပါအဝင် ကျပ်သိန်းရာနှင့်ချီ ပေးဆောင်ခြင်းအရေးယူခံရမည်ဖြစ်ကြောင်း စစ်အုပ်စုက သတ်မှတ်ထားသည်။ ယင်းဥပဒေသည် အင်တာနက်နှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိပါးနေသည့် ဥပဒေတစ်ရပ်ဖြစ်သည်ဟု ဝါရင့်မီဒီယာသမားများကလည်း သုံးသပ်ကြသည်။
IPCM အနေဖြင့်လည်း အများပြည်သူဆိုင်ရာ ဒီဂျစ်တယ်ရပိုင်ခွင့်နှင့် သတင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေသည့် စစ်အုပ်စု၏ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်သော မြန်မာ့မီဒီယာ (၄၀) ဖွဲ့၊ တစ်သီးပုဂ္ဂလသတင်းသမားများ၊ မီဒီယာကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ ပါဝင်သော IPCM ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။



















