Home သတင်း စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ကျုံဒိုး–ကော့ကရိတ် ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု ပိုမိုလုပ်ဆောင်နေ

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ကျုံဒိုး–ကော့ကရိတ် ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု ပိုမိုလုပ်ဆောင်နေ

590
Photo: CJ

ဩဂုတ် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်း စစ်တပ်က ကော့ကရိတ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ကျုံဒိုး–ကော့ကရိတ် ကျေးရွာများဘက်သို့ ဟောင်ဝှက်ဇာ အမြောက်လက်နက်ကြီးများ ပစ်ခတ်မှု ပိုမိုလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ကျေးရွာများဘက်သို့ ကျုံဒိုးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (၅၄၅)၊ (၅၄၆) တို့ဘက်မှ ပစ်ခတ်နေသလို ကော့ကရိတ်မြို့အနီး၊ စကခ ၁၂ နှင့် ခြေလျင်တပ်ရင်း (ခလရ ၉၇) တို့တွင် ရောက်ရှိနေသည့် အမြောက်တပ်ဖွဲ့ဝင်များက ယခုလို ပစ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဟောင်ဝှက်ဇာတွေ နဲ့ ပစ်နေတယ်၊ ရေပူ၊ အင်းကြီး၊ ကမ္မရိုက်ဘက်ရော၊ အောက်ဘိုတဲ၊ အာရှလမ်းဘက်ရော၊ တောင်ကြာအင်းဘက်တွေ မနက်ဘက် ပစ်တယ်၊ နေ့ခင်းဘက်၊ ညဘက်တွေ ခမရ ၅၄၅–၅၄၆ တို့၊ စကခ ၁၂ တို့၊ ခလရ ၉၇ တို့က ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Photo: CJ

ယခု ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် ကျုံဒိုး အင်းကြီးကျေးရွာ၌ KNLA မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက အာရှလမ်းမဘက်နှင့် အောက်ဘိုတဲဘက်သို့ ၁၂၀ မမ နှစ်ဆင့်ကွဲ လက်နက်ကြီးကျည်များ အသုံးပြုပစ်ခတ်သံများ ကြားနေရသည်ဟု ရှေ့တန်း တော်လှန်ရေးတပ် သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ စစ်ကောင်စီက ကော့ကရိတ်မြို့ပေါ်ကို စိုးမိုးထားသော်လည်း မြို့တွင်းသို့ ၎င်းတို့နှင့် နီးစပ်သူများကသာ ပြန်လည်နေထိုင်ကြသည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီက ကော့ကရိတ်မြို့ မြို့နယ်ခန်းမ၌ မဲပေးစက် သရုပ်ပြပွဲကို ဩဂုတ်လဆန်းပိုင်းတွင် ပြုလုပ်ခဲ့သလို မြို့တွင်း၌ စားသောက်ကုန်တချို့ ဝေငှခြင်းများ ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီက ကော့ကရိတ်–မြဝတီ အာရှလမ်းပိုင်းကို ပြန်လည်တိုက်ခိုက်သွားမည်ဟုလည်း မြို့ခံများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။