Home သတင်း ကရင်နှင့်အတူ အာဏာရှင် ပပျောက်ရေး တိုက်ပွဲဝင်သွားမည်ဟု MSDF ၏ ကရင့်အာဇာနည်နေ့ သဝဏ်လွှာ၌ ပြောဆို

ကရင်နှင့်အတူ အာဏာရှင် ပပျောက်ရေး တိုက်ပွဲဝင်သွားမည်ဟု MSDF ၏ ကရင့်အာဇာနည်နေ့ သဝဏ်လွှာ၌ ပြောဆို

476
Photo: MSDF

ဩဂုတ် ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဏာရှင်စနစ် အမျိုးမျိုး ပပျောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက် ရေးအတွက် ကရင်လူမျိုုးမဟာမိတ်တို့နှင့် ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်ကာကွယ်ရေးတပ် (MSDF)က ပြောဆိုသည်။

ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့သို့ MSDF က ပေးပို့ သည့် သဝဏ်လွှာ၌ ယခုလို ပြောဆိုထားခြင်း ဖြစ်သည်။

သဝဏ်လွှာအတွင်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးချမှတ်ခဲ့သည့် လမ်းညွှန်ချက်များနှင့်အညီ နွေဦး တော်လှန်ရေးအထိ အာဏာရှင်စနစ် ချုပ်ငြိမ်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတွက် အသက်၊ အိုးအိမ် ပိုင်ဆိုင်မှုများကို စွန့်လွှတ်အနှစ်နာခံပြီး တိုက်ပွဲဝင်လျှက်ရှိသည့် ကရင်တော်လှန်ရေး ခေါင်းဆောင်များ၊ ကရင်ရဲဘော်များနှင့် ကရင်ပြည်သူလူထုများအား လေးစားစွာဂုဏ်ပြု လိုသည်ဟု ဖော်ပြထား သည်။

Photo: MSDF

ထို့အပြင် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)အနေဖြင့် ကရင်အမျိုးသား ခေါင်းဆောင်များနှင့် မွန်အမျိုးသား ခေါင်းဆောင်များ ၏ ၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ မော်လမြိုင်မြို့ကွန်ကရက်တွင် ချမှတ်ခဲ့သည့် မွန်၊ ကရင် သစ္စာအဓိဌာန် (၄) ချက် အတိုင်း မဟာမိတ်အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာအတွင်း ထပ်ဆင့် ဖော်ပြထားသည်။

၁၉၅၀ ခုနှစ်၊ သြဂုတ် ၁၂ ရက်၊ နံနက်ပိုင်းတွင် နဘူးမှထွက်ခွာလာသည့် ကော်ခိုစောဘဦးကြီးနှင့် ဗိုလ်ချုပ် စောစန်းကေ ပါဝင်သည့် အဖွဲ့သားများကို ထိုကော့ကိုးရွာအနီးရှိ လယ်ကွင်းထဲတွင် ရန်သူက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ ကော်ခိုနှင့် အဖွဲ့က အသက်ပေးခုခံ ကျဆုံးခဲ့ပြီး ထို့နေ့ကို ကရင်အမျိုးသား အာဇာနည်နေ့ အဖြစ် ကော်ခို စောဘဦးကြီး အပါအဝင် တော်လှန်ရေးတွင် အသက်စွန့်သွားသူများအတွက် နှစ်စဉ် ဂုဏ်ပြု ကျင်းပခဲ့ခြင်း ဖြစ်သည်။