ဩဂုတ် ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ရှောင်ပြီး မြို့ပေါ်ပြန်လာနေသူများကို စစ်အုပ်စု၊ အုပ်ချုပ်ရေးပိုင်းက မဲပေးစက် သရုပ်ပြပွဲသို့လာရန် အတင်းအကြပ် ခေါ်ယူပြီး မဖြစ်မနေ မဲထည့်ရမည်ဟု ပြောဆိုမှုများရှိကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့တွင် ဩဂုတ် ၁၅ ရက်နေ့မှစ၍ ၂၆ ရက်နေ့အတွင်း အပိုင်းလိုက် ရပ်ကွက်တွင်းနေထိုင်သူများကို မြို့နယ် စုပေါင်းရုံးခန်းမသို့ ဆင့်ခေါ်ကာ မဖြစ်မနေမဲထည့်ရန် မဲထည့်စက်သရုပ်ပြ အစမ်းလေ့ကျင့် သင်ကြား ပြသနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
” အခု ၂၆ ရက်က ရပ်ကွက် ၂ ခုကလူ တွေမလာမနေရ ၊ ရွေးကောက်ပွဲရက်ကျရင်လည်း မဲ မထည့်မနေရ ဆိုပြီး ပြောတယ်။ မဲထည့်စက် သင်တန်းပေးတယ် ပေါ့နော်။ နောက်ရက် ကျရင် တခြားရပ်ကွက်တွေက လူတွေ အလှည့် ပေါ့” ဟု မဲပေးစက်သင်တန်းသို့ သွားခဲ့ဖူးသူ ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်သည် စစ်အုပ်စု ရွေးကောက်ပွဲ အပိုင်းတစ်တွင် မပါဝင်သော်လည်း နေရပ်ပြန်စစ်ရှောင်များ၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများကို ယခုလဆန်းပိုင်းကတည်းက မဲပေးစက်အသုံးပြုနည်း သရုပ်ပြပွဲများ ပြုလုပ်ခဲ့သည်။ ထို့အပြင် မြို့ပေါ် ရပ်ကွက် ၇ ခုစလုံးရှိ နေထိုင်သူများကို ဆက်၍ သရုပ်ပြခြင်း ပြုလုပ်သွား မည်ဟု သိရသည်။
“တစ်ကယ်တန်းပြောရရင် ကော့ကရိတ်မှာပြန်လာ နေတဲ့ သူတွေက လက်လုပ်လက်စားတွေ များတယ်၊ တစ်မြို့ လုံးရဲ့ သုံးပုံတစ်ပုံလောက်ဘဲ ပြန်လာနေကြတာ။ သူတို့ကို ထောက်ပံ့ကြေး ပေးမယ်၊ ဆန်၊ ဆီ ဝေမယ် ခန်းမကို လာစုကြဆိုပြီး ကြံခိုင်ရေးပါတီဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေက သတင်းလွှင့်တယ်။ တစ်ကယ်သွားစုတော့ ဓါတ်ပုံအရိုက်ခံပြီး ပြန်လာကြရတာဘဲ ရှိတယ်။ ဆန်လည်း မဝေ၊ ဆီလည်း မဝေပါဘူး” ဟု မြို့ခံ နောက်တစ်ဦး က ပြောသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း မြို့နယ်အများစုတွင် စစ်အုပ်စု ရွေးကောက်ပွဲအတွက် မဲပေးစက် သရုပ်ပြပွဲများ၊ မဲပေးစက်အသုံးပြုနည်း သင်တန်းများကို စစ်အုပ်စု ဝန်ထမ်းများပြုလုပ်ပေးနေပြီး ဆင့်ပွားသင်တန်းများလည်း ပြုလုပ်နေသည်ဟု သိရသည်။



















