Home သတင်း ဥကရစ်ထ စစ်ကောင်စီအမာခံစခန်း သိမ်းပိုက်ခံရပြီး နောက်ဆုံးအခြေအနေ

ဥကရစ်ထ စစ်ကောင်စီအမာခံစခန်း သိမ်းပိုက်ခံရပြီး နောက်ဆုံးအခြေအနေ

502

ဥကရစ်ထ စစ်ကောင်စီအမာခံစခန်း သိမ်းပိုက်ခံရပြီး နောက်ဆုံးအခြေအနေ

ဇူလိုင် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဝေါလေ၊ စုကလိနှင့် မြဝတီသွားသော လမ်းမပေါ်ရှိ ဥကရစ်ထ စစ်ကောင်စီ အမာခံထောက်ပို့စခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။

အချက်အခြာကျပြီး လမ်း ၃ ဆုံတွင် တည်ရှိသော ဤစခန်းကို တော်လှန်တပ်ပေါင်းစုများ က ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသော်လည်း မအောင်မြင်ဘဲ နောက်ဆုတ်ခဲ့ရသည်။

အင်အား ၁၀၀ ကျော်ရှိသော ဥကရစ်ထ စခန်းကို သိမ်းပိုက်နိုင်သည်ဟုဆိုရာတွင် အဆိုပါနေရာနှင့် မလှမ်းကမ်းတွင်တည်ရှိပြီး စစ်ရေးအရ ဗျူဟာကျတည်ရှိသော ဘုရားကုန်းစခန်းနှင့် မုလအိသွား ရာလမ်းဝအနီးက စခန်းကုန်းများ၏ ကျရှုံးမှုကိုလည်း ထည့်သွင်းပြောဆိုရန် လိုအပ်သည်။

၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲများ၏ စစ်ရေးအရဝင်ရောက်တိုက်ခိုက်မှုကို ခံရပြီး သည့် နောက်တွင် ဥကရစ်ထစခန်းကို တောင့်ခံနိုင်ရန် ဝေါ်လေသွားရာလမ်းဘက်ရှိ ဘုရားကုန်းကို စခန်းအဖြစ်ပြောင်းလဲခဲ့သလို မုလအိသွားရာလမ်းက စခန်းကိုလည်း အင်အားဖြည့်တင်းခဲ့ပါသည်။

အဆိုပါစခန်း ၃ ခုသည် အချက်အခြာ လမ်း ၃ ဆုံတွင် တြိဂံပုံသဏ္ဍာန်တည်ရှိပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် စခန်း ၁ ခုနှင့် ၁ ခုအကြား အဝေးပစ်ကူပေးနိုင်အောင် စစ်ကောင်စီက စီစဥ်ပေးသည်ဟုလည်း ဆိုသည်။

တော်လှန်ရေးတပ်ဖွဲများ၏ ပြောကြားချက်အရ ထိုစခန်း ၃ ခုအတွက် လိုအပ်သော ရိက္ခာနှင့် အသုံးအဆောင်များကို လေကြောင်းကတဆင့် (Air Drop) ပစ်ချပေးသည်ဟုလည်း သိရသည်။

၎င်းအပြင် ဥကရစ်ထစခန်းရှိ စစ်ကောင်စီတပ်သားများသည် တိုက်ပွဲကြောင့် စခန်းတွင်း တပ်သားများ သေဆုံးခဲ့လျှင် ရုပ်အလောင်းတွင် ပြောက်ကျားဝတ်စုံ သို့မဟုတ် သက်ဆိုင်ရာနယ်မြေ လက်နက်ကိုင် တပ်ဖွဲ့များ၏ ဝတ်စုံကို ဝတ်ဆင်စေပြီး တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ထင်ယောင်ထင်မှား ဖြစ်အောင် သက်သေချန်ထားခြင်းလည်းရှိသည်ဟု မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် ဥကရစ်ထအနီးပတ်ဝန်းကျင်ရှိ ရွာသူသားများ အိမ်ပြန်လာနေထိုင်ကြပြီဟု အင်တာ နက်အွန်လိုင်းပေါ် သတင်းများပျံ့နှံ့နေသော်လည်း စခန်းသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လေယာဥ် ရန်ကို ကြောက်၍ ရွာသူ/ရွာသားအများစုမှာ ပြန်မလာကြသေးကြောင်း နယ်မြေခံတာဝန်ရှိသူများက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားသော စစ်ကောင်စီ အမာခံ ဥကရစ်ထစခန်းနှင့် ဆက်စပ်စခန်းကုန်းများ နောက်ဆုံးအခြေအနေကို ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်းထောက်များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း ရိုက်ကူးထားသော မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။