Home သတင်း ဥကရစ်ထ စစ်ကောင်စီ စခန်းအား KNLA မဟာမိတ်တပ် သိမ်းပိုက်၊ အရာရှိအပါအဝင်တပ်သား အများအပြား ထိုင်းဘက်ထွက်ပြေး

ဥကရစ်ထ စစ်ကောင်စီ စခန်းအား KNLA မဟာမိတ်တပ် သိမ်းပိုက်၊ အရာရှိအပါအဝင်တပ်သား အများအပြား ထိုင်းဘက်ထွက်ပြေး

620
Photo- AEC News

ဇူလိုင် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဝေါလေ-မြဝတီလမ်းပိုင်း ဥကရစ်ထကျေးရွာရှိ စစ်ကောင်စီ ဥကရစ်ထ ပင်မထောက်ပို့ စစ်စခန်းကို ဇူလိုင်လ ၁၂ ရက် ယနေ့နေ့လည် ၁၂ နာရီခန့်တွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်နှင့် ထိုင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်မှ စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာ မိတ်ပူး ပေါင်းတပ်များ ဥကရစ်ထ စစ်စခန်းနှင့် ဝေါလေစစ်ဗျူဟာစခန်းတို့အား တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးမဟာမိတ်တပ်တို့၏ ဒရုန်းတပ်ဖွဲ့များ မြေပြင် စစ်ဆင်ရေး စစ်ကြာင်းများဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်သည့်အတွက် ယခုလို စစ်စခန်းစွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။

” ဥကရစ်ထစခန်းကျပြီ။ စကစတွေစခန်းထားပြီးထွက်ပြေးကုန်ပြီ။ အယောက် ၈၀ ကျော်မယ်။ အခု စခန်းပတ်လည်ရှင်းလင်းရေး လုပ်နေတယ်။ ဒရုန်းချတာသူတို့ ခံမနိုင်ကြဘူးလေ။ ဗိုလ်ကြီး ဒါဘောတို့ထုတ်ပြန်ပါလိမ့်မယ်”ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

Photo- AEC News

နယ်စပ်ဒေသအခြေစိုက် ထိုင်းသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ KNLA တပ်ဖွဲ့များ အင်အား အများအပြားနှင့် ဒရုန်းဖြင့် အပြင်းအထန်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ စစ်သားတစ်ရာကျော်မှာ မခုခံနိုင်တော့သည့်အတွက် ဝေါလေမြို့ တောင်ပိုင်းတစ်နေရာတွင် တဖက်ထိုင်းဘက်ကိုထွက်ပြေးလာသည်ဟု ဖော်ပြထားသည်။

အဆိုပါ ထွက်ပြေးလာသူများအား ထိုင်းစစ်တပ်က လုံခြုံရေးအရ စစ်ဆေးခြင်း၊ ဒဏ်ရာရသူများကို ဆေးကု သပေးခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်အတိုင်း လက်ခံထားသည်ဟု AEC သတင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိ KNLA မဟာမိတ်တပ်များ ‌‌‌‌‌‌‌‌‌‌‌‌‌အနေဖြင့် ဝေါလေ စစ်ဗျူဟာစခန်းအား ဆက်လက် ချေမှုန်း သိမ်းပိုက်ရန်လုပ်ဆောင်နေကြသည်။ စစ်ကောင်စီစခန်းများ ပတ်ခြာလည်တွင်လည်း မြေမြှုပ် မိုင်းများထောင်ထားသည့်အတွက် သတိကြီးစွာဖြင့် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေရကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။