Home သတင်း ဝေါ်လေဗျူဟာကို တော်လှန်ရေးတပ်များ ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခုခံနေ

ဝေါ်လေဗျူဟာကို တော်လှန်ရေးတပ်များ ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခုခံနေ

562
Photo: CJ

ဇူလိုင် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းဖြစ်သော ဝေါ်လေဗျူဟာကုန်း၏ လက်နက်တိုက်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲခုခံနေကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။

အဆိုပါ စစ်တပ်၏ ဝေါ်လေဗျူဟာစခန်း၏ လက်နက်တိုက်ကို Force for Federal Democracy -FFDတပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒရုန်းတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ သည်ဟု FFD က ယမန်နေ့ နေ့ ဇူလိုင်လ ၁၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ကောင်စီက ယမန်နေ့နေ့ ဇူလိုင်လ ၁၃ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဝေါ်လေစခန်းအား ပိတ်ဆို့ တိုက်ခိုက်နေသော တော်လှန်ရေးတပ်များကို တိုက်လေယာဉ် ၂ စီးကို အသုံးပြုခဲ့ပြီး ဗုံး ၇ လုံးကြဲချခဲ့ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ထိုသို့ လေယာဥ်ဖြင့် ခုခံတိုက်ခိုက်ရာတွင် မြဝတီမြို့ တောင်ဘက်ရှိ ဝေါ်လေမြိုင်အနီးရှိ ထီးသဲလယ်ကျေးရွာသို့ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းလုံး ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံထံမှ သိရသည်။

အဆိုပါ ထီးသဲလယ် စာသင်ကျောင်းသို့ စစ်ကောင်စီ၏ အင်အားပြင်းဗုံးသီးဖြင့် ကျရောက်ပေါက် ကွဲမှုကြောင့် စာသင်ကျောင်း အရှေ့ဘက်ခြမ်း၊ အနောက်ဘက် စာသင်ခန်းများနှင့် အနီးဝန်း ကျင်ရှိလူနေအိမ် (၃) လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ လူအထိအခိုက်မရှိခဲ့ကြောင်း နယ်မြေခံ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

Photo: CJ

၎င်းက“ပထမတခေါက် လာကြဲတာ ထီးသဲလယ် ရွာနဲ့ ဝေးတယ်။ ဒုတိယတခေါက် ကျတော့ ရွာရဲ့အနီးမှာ ရှိတဲ့ ကျောင်းကို သွားထိတာ။ ခန်းမဆောင်တွေရော စာသင်ခန်းတွေရော ကျောင်းရဲ့ အဆောက်အအုံတွေ အကုန်လုံး ပျက်စီးသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထီးသဲလယ် စာသင်ကျောင်းသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD က စီမံခန့်ခွဲမှုအောက်ရှိ စာသင် ကျောင်းဖြစ်သည်။ သို့သော် နယ်မြေမတည်ငြိမ်မှုများကြောင့် ၎င်းကျေးရွာရှိ စာသင်ကျောင်းကို အချိန်အတော်အတန်ကြာ ဖွင့်လှစ်ထားခြင်းမရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

ထို့အပြင် ထီးသဲလယ်ရွာသို့ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီ ဝေါ်လေဗျူဟာကုန်းပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ကုန်ပိုင်းမှ စ၍ ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ကြောင့် ဒေသခံအများစုသည် ထိုင်းဘက်ခြမ်းသို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ် ဖော်ပြချက်အရ သိရသည်။

လက်ရှိ မြဝတီတောင်ဘက်ပိုင်းတွင် ဝေါ်လေဗျူဟာစခန်းကုန်းနှင့် ထီးသဲလယ် ကာကင်းစခန်း ၂ ခုသာ ကျန်ရှိတော့ရှိသည့်အတွက် စစ်ကောင်စီဘက်မှ စခန်းမကျရေးအတွက် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။