Home သတင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ၆ လအတွင်း ကရင်နီပြည်သူ ၆၂ ဦးသေဆုံး

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ၆ လအတွင်း ကရင်နီပြည်သူ ၆၂ ဦးသေဆုံး

646
Photo: IEC

ဇူလိုင် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား) ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် (၆)လ အတွင်း ကရင်နီဒေသခံ ပြည်သူ(၆၂)ဦးသေဆုံးခဲ့သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန် ပြောဆိုလိုက်သည်။

ယခု ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခြင်း၊ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ဒေသခံပြည်သူများ သေဆုံးမှုပိုများ လာခြင်းဖြစ်သည်ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ယခုလိုပြောသည်။

“စစ်ကောင်စီက ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ လုပ်ရပ်တွေကလည်း ပိုပြီးသိသာထင်ရှား လာတယ်။ အခုလို စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျုးလွန်မှုတွေကို ကျနော်တို့အနေနဲ့လည်း ကျူးလွန်ခံရတဲ့သူတွေအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေးအတွက် မှတ်တမ်းတင်ထားတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ သတ်ဖြတ်မှုများကြောင့်ကရင်နီပြည်နယ်အတွင်းရှိ မော်ချီးမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်တို့တွင် အများဆုံးသေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် ကလေး ၈ ဦး၊ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၂ ဦး နှင့် အချက်အလက်အတိအကျ မသိရသူ ၉ ဦး ပါဝင်နေပြီး စုစုပေါင်း ၆၂ ဦး ဖြစ်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂၀၈ ဦးအထိ ရှိသည်ဟု IEC ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီက ကရင်နီပြည်နယ်တွင်းရှိ အရပ်သားပြည်သူများကို အဓိက ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုများ ကျူးလွန် နေသည့်အပြင် ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းနှင့် ကုန်စည်စီးဆင်းရေး လမ်းကြောင်း များကိုလည်း ဖြတ်တောက်ကာ လူမျိုးတုံးသတ်ဖြတ်မှုများ ဆောင်ရွက်ရန် ကြိုးပမ်းနေသည်ဟု ထုတ်ပြန်၌ ထောက်ပြ ထားသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရင်နီ(ကယား)ပြည်နယ်အတွင်းသို့ နည်းမျိုးစုံဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားသည်ဟု သိရသည်။