Home သတင်း ဘိတ်-ထားဝယ်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုလိုက် သေဆုံး

ဘိတ်-ထားဝယ်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုလိုက် သေဆုံး

856
Photo: CJ

ဇူလိုင် ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်/တပ်မဟာ-၄ နယ်မြေ၊ ရေဖြူမြို့နယ်ရှိ ကျေးရွာအတွင်းသို့ ယမန်နေ့ ဇူလိုင် ၈ ရက်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ မိသားစုဝင် (၄) ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့ ဇူလိုင် ၈ ရက်နေ့တွင် KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ရေဖြူအခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ( ခလရ-၂၈၂ ) တပ်ရင်းမှ ယမန်နေ့ ည ၅ နာရီဝန်း ကျင်တွင် ၁၂၀ မမ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့လှိုင်နှင့် မရမ်းချောင်းရွာကြား ကားလမ်းပိုင်း အနီးရှိ အရပ်သား ပြည်သူ၏ လုပ်ငန်းခွင်ထဲသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်‌ ရော်ဘာခြံအတွင်း တစ်အိမ်တည်းအတူနေ မိသားစု ဝင်များဖြစ်သော အသက် (၅၀) ရွယ်အရွယ် ဖခင်ဖြစ်သူ အပါအဝင် အသက် ၁၁ နှစ်အောက် ကလေး ငယ် ၃ ဦး မိသားစုဝင် ၄ ဦး အသက်သေဆုံးခဲ့ရသလို နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“စစ်တပ်က ကော့လှိုင်ရွာကို ပစ်ချလို့ အဖေတစ်ယောက်နဲ့ သား ၃ ယောက် သေသွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မိသားစုသည် ရော်ဘာခြံနှင် ဝါးခုတ်လုပ်ငန်းများ လုပ်ကိုင်ကြပြီး ဧရာဝတီတိုင်းမှ လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထား လုပ်‌ဆောင် နေခြင်းဖြစ်ပြီး ယခုလို ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးမှုသည် လူ့အခွင့်အရေးနှင့် ကလေး သူငယ်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ၎င်းလုပ်ရပ်အပေါ် ရှုတ်ချကြောင်း KNU က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့တွင်လည်း တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ် တောကြောင် ပေါက်ရွာရှိ စစ်ရှောင်များခိုလှုံနေထိုင်ရာ ကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။