Home သတင်း ပြည်သူပါသည့် အဖွဲ့အစည်းကသာ အောင်မြင်မည်ဟု ဘက်ပြောင်းလာသူ ဗိုလ်ကြီးပြော

ပြည်သူပါသည့် အဖွဲ့အစည်းကသာ အောင်မြင်မည်ဟု ဘက်ပြောင်းလာသူ ဗိုလ်ကြီးပြော

406
Photo: KNU

ဇူလိုင် ၁၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြည်တွင်း စစ်ပွဲများတွင် ပြည်သူပါသည့် အဖွဲ့အစည်းကသာ အောင်မြင်မှုရရှိမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေရှိ စစ်ကောင်စီ နတ်အိမ်တောင် စခန်းက ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီ တပ်မှ ဗိုလ်ကြီးဇော်ဇော်အောင်က ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူထံသို့ ဘက်ပြောင်းခိုလှုံလာသူ တပ်ခွဲမှူးဗိုလ်ကြီး ဇော်ဇော်အောင်သည် လောင်းလုံးမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ-၁၀၄) တပ်မှ ဖြစ်ပြီး နတ်အိမ်တောင်စခန်း၊ အမြောက်ကုန်း လှုပ်ရှားတပ်ခွဲမှ ဖြစ်သည်ဟု ကေအဲန်ယူ၊ မြိတ်-ထားဝယ် ခရိုင်က ဇူလိုင် ၁၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

သူသည် စစ်ကောင်စီက လက်ရှိတွင် ကျင့်သုံးနေသည့် စနစ်များနှင့် ဆောင်ရွက်နေသည့် နည်းလမ်းများကို မနှစ်သက်သည့်အတွက် ယခင်ဘက်ပြောင်းလာသူ ခလရ-၂၈၂ မှ ဗိုလ်ကြီး မြင့်ဆွေဦး (ခ) စောမိုးဇက်နှင့် ချိတ်ဆက်ပြီး တပ်မဟာ(၄) တပ်ရင်း-၁၀ က စီမံပေးမှုဖြင့် ဘက်ပြောင်းလာခြင်း ဖြစ်သည်။

“တော်လှန်ရေးအောင်မြင်ဖို့က ဘယ်အဖွဲ့အစည်းနေနေ ဘယ်တိုင်းပြည်နေနေ ပြည်သူသာလျှင် အဓိကဖြစ်တယ်။ နောက်ပြီးတော့ ပြည်သူ့အတွက် အလုပ်လုပ်တဲ့အဖွဲ့အစည်း၊ ပြည်သူပါတဲ့ အဖွဲ့အစည်းက သာလျှင် အောင်မြင်မှု ရရှိမှာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်သည် လက်ရှိ တိုင်းပြည်နှင့် ပြည်သူအတွက် လုပ်ဆောင်ခြင်း မရှိဘဲ ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေသည့်အတွက် စစ်သည်များ အမြန် ဘက်ပြောင်းခိုလှုံကြရန်နှင့် နွေးထွေးစွာ ကြိုဆိုလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ယခုလို ဘက်ပြောင်းလာသူ ဗိုလ်ကြီးဇော်ဇော်အောင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၅၂) ကျောင်းဆင်းသူဖြစ်ပြီး ရေးမြို့ စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၅၉၁)၊ ကျောင်းရွာ (စကခ-၁၉) လက်အောက်တွင် ၂၀၀၉ မှ၂၀၁၆ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုနောက် ၂၀၁၆ မှ ၂၀၂၂ အတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၃၅)၊ (စကခ-၁၅) လက်အောက်တွင် လည်းကောင်း ၂၀၂၂ ၊ ၁၂ လပိုင်း မှစ၍ လောင်းလုံး အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၁၀၄) ၌ ဆက်တာဝန် ထမ်းဆောင်ပြီး ယခုလို ဘက်ပြောင်းလာခြင်း ဖြစ်သည်။

အလားတူ ဇူလိုင်လ(၁)ရက်နေ့တွင်လည်း ခလရ-၂၈၂ မှ စစ်ကြောင်းမှူး၊ ဗိုလ်ကြီး မြင့်ဆွေဦး(ခ) စောမိုးဇက်သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ သုခစခန်းကို မသိမ်းပိုက်မှီ တပ်မဟာ(၄)၊ တပ်ရင်း(၁၀)သို့ ဆက်သွယ်ကာ ဘက်ပြောင်း ခိုလှုံခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း KNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာသူ စစ်ဘက်၊ ရဲဘက်၊ ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ် စုစုပေါင်း ၁၆၃ ဦး အထိ ရှိခဲ့သည်။ ထိုထဲတွင် တနင်္သာရီတိုင်းမှ ၂၀ ဦး ရှိသည်ဟု စာရင်းပြုစုနေသည့် ပြည်သူ့ ပန်းတိုင်အဖွဲ့က ဇူလိုင် ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။