ဇူလိုင် ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲအရေး မလေးရှားနိုင်ငံတွင် ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဘန်ကောက်နှင့် ဖနွမ်ပင်အစိုးရတို့သည် ချွင်းချက်မရှိ ချက်ချင်းအပစ်ရပ်စဲရန် သဘောတူသည်ဟု အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။
ကွာလာလမ်ပူမြို့တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်ဦးဆောင်သော ၎င်းငြိမ်းချမ်းရေးဆွေး နွေးပွဲအတွင်း အပစ်ရပ်သဘောတူညီချက်နှင့် ဆုံးဖြတ်ချက်များသည် နံနက် ဇူလိုင်လ ၂၉ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်သည်။
ထို့အပြင် မလေးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာ နများသည် ၂ နိုင်ငံနယ်စပ်စစ်ပွဲငြိမ်းချမ်းရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ခြင်း၊ အခြေအနေ သတ်မှတ် ခြင်းနှင့် အစီရင်ခံခြင်းအတွက် အသေးစိတ်ယန္တရားတစ်ရပ်ကို တည်ဆောက်မည်ဟုလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
၅ ရက်တာဖြစ်ပွားသော ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲအတွင်း နှစ်ဖက်သေဆုံးသူ စုစုပေါင်း ၃၅ ဦးရှိပြီး စစ်ဘေးရှောင် ဦးရေ ၂ သိန်းကျော်ရှိခဲ့သည်။
ကွာလာလမ်ပူသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ပေါ်လာရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကုန်သွယ် ရေးစည်းကျပ်ခွန်ပေါ် ကိုင်တွယ်ပြောဆိုမှုကြောင့် ၂ နိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရပြီး နှစ်ဖက်စလုံးမှ အလျင်အမြန်သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ယနေ့ အစည်းအဝေးကို ဝါရှင်တန်အစိုးရ ထိပ်တန်းသံတမန် မစ္စတာ မာကိုရူဘီအိုနှင့် အမေရိကန် အစိုးရ အရာရှိများသာမက ကမ္ဘောဒီးယားနှင့် မိတ်ဖက်ဖြစ်သော တရုတ်သံအမတ်တို့ပါ ရောက်ရှိနေခဲ့သည် ဟု သိရသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပသော ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြားအစည်းအဝေး မကျင်းပခင် နာရီပိုင်းအလိုတွင် ကမ္ဘောဒီးယား၏ ဆာမရွန်မြို့ ၁၇ ကီလိုမီတာအနီးတွင် လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံများ ကြားနေရသည်ဟု The Strait Times သတင်းဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ စစ်တပ်၏ ပြောကြားချက်အရ အငြင်းပွားမှုဖြစ်ပေါ်နေသော ဘုရားကျောင်းတစ်ခုအတွင်း ကမ္ဘောဒီး ယားစနိုက်ပါတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲထားသလို နယ်စပ်မှာလည်း တပ်သားအရေအတွက်အများအပြား ချထားသည်ဟု ဆိုသည်။
ကိုးကား- The Strait Times



















