ဇူလိုင် ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းကို ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသွားလိုက်ပါသူ နည်းပြီး လမ်းကြေးပေးဆောင်ရမှု များလာသောကြောင့် ပြေးဆွဲသည့် အခေါက်ရေများတွင် တွက်ခြေမကိုက်ဘဲ အရှုံးပေါ် နေသည်ဟု ယာဉ်မောင်းသမားများထံမှ သိရသည်။
ဧရာဝတီတိုင်းရှိ မြို့ကြီးအချို့ကနေ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဂိတ်ကိုပြေးဆွဲသည့် ယာဉ်လိုင်းများသည် ခရီးသည်ထက် ယာဉ်လိုင်းအရေအတွက်များနေပြီး လောင်စာဆီ စျေးကြီးမြင့်နေမှုအပြင် ဂိတ်ကြေး ပေးဆောင်ရမှုလည်းများလာသောကြောင့် တွက်ခြေမကိုက်ဖြစ်ရသည်ဟု အမည်မဖော် လိုသူ ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။
“ယာဉ်လိုင်းတွေများပြီး ခရီးသည်တွေနည်းတော့ တခါတလေ ဂိတ်ကနေ လူ ၅ ယောက်နဲ့ ထွက်ရတာရှိသလို ၆ ယောက်၊ ၇ ယောက်၊ ၁၀ ယောက်၊ ၁၅ ယောက်နဲ့လည်း သွားရတယ်။ မြို့မှာက ရိုးရိုးဆီပြတ်သွားလို့ ပရီမီယံဆီပဲ ရှိတော့ နှစ်သိန်းဖိုးလောက်ထည့်ရတယ်။ တခါတလေ ကားတစ်ကြောင်းက ကုန်ေရာလူရောမှ တစ်သိန်းခွဲ နှစ် သိန်းဝန်းကျင်ပဲရတာ မောင်းကြေးနဲ့ လမ်းကြေးက မပါသေးဘူး။ ဂိတ်တွေက ရန်ကုန်ရောက်တဲ့အထိ ၅ ဂိတ်၊ ၆ ဂိတ်လောက်ရှိတာ” ဟု ကေအိုင်စီ သို့ ပြောသည်။
လက်ရှိနိုင်ငံအခြေအနေများကြောင့်လူငယ်အများအပြား ခရီးသွားလာမှု နည်းပါးလာသလို စစ်ကောင်စီ၏ အစစ် အဆေး တင်းကြပ်မှုများကြောင့်လည်းဒေသခံ ပြည်သူများ မလိုအပ်ဘဲ ခရီးသွားလာတာမျိုး မလုပ်ကြတော့ ကြောင်းလည်း ဒေသခံများက ဆိုသည်။
ရန်ကုန်-ပုသိမ်အဝေးပြေး လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီက ထန်းတစ်ပင်ဂိတ်၊ ပန်တိုင်ဂိတ်၊ ညောင်တုန်းမြို့အနီး ဗိုလ်မြထွန်းတံတားအဆင်းဂိတ်၊ ကျောင်းကုန်းမြို့အဝင်ဂိတ်၊ ပုသိမ် ကန်ကြီး ထောင့်လမ်းဆုံဂိတ် နှင့် ပုသိမ်ကိုးဆူဂိတ်စသည့် စစ်ဆေးရေး ဂိတ်အများအပြားကိုချထားပြီး လုံခြုံရေးတင်းကြပ်စစ်ဆေးလျက်ရှိသည်။

လက်ရှိ မိုးရာသီ ကာလဖြစ်သလို ဧရာဝတီ နှင့် ရန်ကုန်သွား အဝေးပြေးလမ်းမကြီး တစ်လျှောက်တွင်လည်း စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် ခရီးသည်များကို လိုတာထက် ပိုမိုအစစ်အဆေး တင်းကြပ် နေသောကြောင့် ခရီးသွားလာသူ နည်းပါးရခြင်းဖြစ်သည်ဟုလည်း ပုံမှန်ခရီးသွားလာနေသူတစ်ဦးက ပြောသည်။
၎င်းက “ဂိတ်တွေမှာက အစစ်အဆေးတွေကများပြီးတော့ မှတ်ပုံတင်ပါလည်း အသက် ၁၈နှစ်၊ ၃၀နှစ် ကျော်လို့ မှတ်ပုံတင် မလဲထားရင် ဒဏ်ငွေတွေ ဆောင်ကြရတယ်။ လမ်းမှာ ဂိတ် ၅၊ ဂိတ် ၆ ဂိတ်လောက်ရှိရင် အနည်းဆုံး ၃ ဂိတ်လောက်က တောက်လျှောက်ပေးရတာကတစ်ကြောင်း၊ ပြီးတော့ မှတ်ပုံတင်စစ်ဆေးပြီး ဂိတ်မှာ တင်ဖမ်း ဆီးတဲ့ဖြစ်စဉ်တွေရှိတာကြောင့် အရင်ကလို အလည်အပတ်ခရီးသွား တာသိပ်မရှိတော့ဘဲ အရေးပေါ်ကိစ္စနဲ့ အလုပ်ကိစ္စတွေလောက်ပဲ ခရီးသွားလာကြတော့တာကြောင့် ဖြစ်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
ဧရာဝတီတိုင်းတွင် တိုင်းမြို့တော် ပုသိမ်မြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ ပြည်၊ မော်လမြိုင်နှင့် မြဝတီမြို့ များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း ၄၆ လိုင်းရှိကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီတိုင်း အတွင်းရှိ မြို့များဖြစ်သော ဟင်္သာတ၊ မြန်အောင်၊ လေးမျက်နှာ၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာ၊ သာပေါင်း၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ မအူပင်၊ ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်၊ အိမ်မဲ နှင့် ကျောင်း ကုန်းမြို့များသို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းပေါင်း ၆၁ လိုင်းရှိကြောင်း ယာဉ်လိုင်းပြေးဆွဲရေး ကော်မတီ၏ စာရင်းအရ သိရသည်။



















