ဇူလိုင် ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းထားသည့် ဧပြီလ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီကဆေးရုံဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၄၂ ဦးသေဆုံးခဲ့ရကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန၏ လေးနှစ်တာအစီရင်ခံစာအရ သိရသည်။
စစ်တပ်၏တိုက်ခိုက်မှုအကြိမ်ရေ ၁,၆၀၀ ကျော်ရှိခဲ့သည့်အနက် ကျန်းမာရေးအဆောက်အအုံပေါင်း ၄၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရပြီး ဝန်ထမ်းများအသက်ဆုံးရှုံးခဲ့ရသည်။ အသက်လုံခြုံရေးအန္တရာယ်ကြောင့် ကျန်းမာရေးဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ဆက်လက်ပါဝင်ရန်ပါ အခက်အခဲတွေ့ကြုံနေရသည်ဟု အစီရင်ခံစာက ဆိုသည်။
လေကြောင်းအန္တရာယ်အပြင် မြေပြင်ထိုးစစ်ဆင်မှုများ၊ ဆက်သွယ်ရေး ဖြတ်တောက်ခြင်းများကြောင့် ဆေးကုသမှုအနှောင့်အယှက်ဖြစ်ခြင်း၊ သတင်းစီးဆင်းမှုနှောင့်နှေးခြင်းနှင့်ကျန်းမာရေးသင်တန်းပေးရာတို့တွင်ပါ စိန်ခေါ်မှုများဖြစ်လာကြောင်း NUG က ဖော်ပြသည်။
ထို့အပြင် ပြည်သူများ ကျန်းမာရေးအစောင့်အရှောက် ရယူနိုင်ခွင့်ကဲ့သို့ လူ့အခွင့်အရေး စံနှုန်းချိုးဖောက်ခံနေရပြီး ကျန်းမာရေးအညွှန်းကိန်းများလည်း ကျဆင်းနေ၍ နိုင်ငံတကာထံမှ ဒေသလို အပ်ချက်နှင့်လိုက်ဖက်ညီမည့် အထောက်အပံ့များလိုအပ်သည်ဟု အစီရင်ခံစာထောက်ပြသည်။
အစီရင်ခံစာပါအချက်အလက်များအရ ကျန်းမာရေးအဆောက်အအုံ ၁ ထောင်ကျော်၊ လုပ်သားအင်အားစု ၅ ထောင်ဝန်းကျင်ဖြင့် မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပါဝင်သည့် လုပ်ငန်းများကို NUG ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်လည်ပတ်နေသည်။

၎င်းတို့မှ တိုင်းနှင့်ပြည်နယ်အနှံ့ ပြင်ပလူနာ၊ ကိုယ်ဝန်ဆောင်နှင့်ကလေးမီးဖွားလူနာ၊ ခွဲစိတ်လူနာစသည့် လူဦးရေပေါင်း ၂၇ သိန်းကျော်ကို လေးနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်ဟုလည်း ဆိုထားသည်။
ထို့အပြင် NUG အနေဖြင့် နိုင်ငံတကာမှရရှိသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို တိုင်းရင်းသားကျန်းမာရေးအဖွဲ့များနှင့်အတူ မျှဝေသုံးစွဲခဲ့ပြီး ကရင်အပါအဝင် မြန်မာပြည်တောင်ပိုင်း၊ အလယ်ပိုင်းတိုင်းနှင့်ချင်း၊ ရှမ်းပြည်နယ်တို့၌ ကာကွယ်ဆေးထိုးခြင်း၊ ဆေးအသိပညာပေးခြင်း စသည့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းမှုကိုလက်မခံသည့် လူထုအုံကြွမှုအတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှု၊ လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသ ဆေးကုသမှုပေးသည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခံရမှုတို့ကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် ဆေးဝန်ထမ်းအများအပြားရှိသည်။
ကျန်းမာရေးလုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် စောင့်ကြည့်လေ့လာနေသည့် Physician for Human Rights ၏ မှတ်တမ်းများအရ အာဏာသိမ်းပြီးတစ်နှစ်အတွင်းတွင်ပင် စစ်ကောင်စီက သတ်ဖြတ်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၃၀ ထက်မနည်းသေဆုံးခဲ့ရပြီး ၂၅၀ ထက်မနည်းဖမ်းဆီးခံခဲ့ရသည်။



















