ဇူလိုင် ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်းရှိ လူနည်းစု၊ တိုင်းရင်းသားများအတွက် အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဥ်ကို ထိုင်းအစိုးရအနေဖြင့် ယနေ့အထိ ဆက်လက် လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။
ယခုလုပ်ငန်းစဥ်သည် ထိုင်းနိုင်ငံတွင် မမွေးဖွားသော လူနည်းစု၊ တိုင်းရင်းသား บัตรประจำตัวบุคคลที่ไม่มีสถานะการขึ้นทะเบียน (Identification card for persons without registration status – နိုင်ငံအမည်မရှိသူများ ကိုင်ဆောင် ခွင့်ကဒ် တနည်း ၈၉ ကဒ်) ကိုင်ဆောင်သူများကို บัตรประจำตัวคุนซึ่งไม่มีสัญชาติไทย (Identification card for people without Thai Nationality – ထိုင်းနိုင်ငံသားမဟုတ်သူများကိုင်ဆောင်ခွင့်ကဒ်) အဖြစ်သို့ ပြောင်းလဲပေးသော ဖြစ်စဥ်ဖြစ် သည်။
ယင်းလုပ်ငန်းစဥ်အတွင်း ထိုင်းမွေးစာရင်းရှိသူများအနေဖြင့် သီးခြားနည်းလမ်းဖြင့် ထိုင်းနိုင်ငံသားလျှောက် ထားနိုင်ပြီး သတ်မှတ်ထားသော စာရွက်စာတမ်းများအပြည့်အစုံရှိရမှာဖြစ်သလို ထိုင်းစာ/ ထိုင်းစကားနှင့် အခြားစစ်ဆေးမှုများ လုပ်ဆောင်မည်ဟု မြို့နယ်အုပ်ချုပ်ရေးရုံးတာဝန်ရှိသူက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၏ မြို့နယ်အုပ်ချုပ်ရေးရုံး စာရင်းများအရ ၈၉ ကဒ်မှ(PR) ပြောင်းလဲ လျှောက်ထားရန် စာရင်းကျသူဦးရေသည် လူတစ်သောင်းကျော်ရှိသည်။
အဆိုပါ အုပ်စုအတွင်း အချက်အလက်၊ စာရွက်စာတမ်းမှားယွင်းသောဖြစ်စဥ်သည် ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ ရှိသည်ဟု သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံသားလျှောက်ထားရန် စာရင်းကျသူများသည် လူဦးရေ နှစ်ထောင်ကျော်ရှိသည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးရုံး ထုတ်ပြန်ထားသည်။
PR လျှောက်ထားသူများအတွင် အဓိကကြုံတွေ့ရသော အခြေအနေများမှာ ထိုင်းတွင် မွေးဖွားခြင်းမရှိဘဲ ထိုင်းတွင် မွေးသည်ဟု စာရင်းဖြည့်သွင်းခြင်း၊ မိမိမွေးနှစ်နှင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်သော နှစ်များသည် တူညီနေခြင်း၊ ထည့်သွင်းထားသော အိမ်လိပ်စာများသည် မှန်ကန်မှုမရှိခြင်းနှင့် မြေပြင်တွင် အိမ်ထောင်စုစာရင်းနှင့် အိမ်မရှိခြင်းစသည့် အခြေအနေများဖြစ်သည်။
“ ဘယ်လို အခက်အခဲတွေကြုံရလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ‘ဖော’ဟာကို ပြောရမယ်ဆိုလို့ရှိ ရင်တော့ ဖောင်ဖြည့်တုန်းက ထိုင်းနိုင်ငံကို လာတဲ့နေ့ရက်မပါဘူး။ ခုနှစ် သက္ကရာဇ်ပဲပါတယ်။ ခုနှစ်သက္ကရာဇ် ကလည်း ‘ဖော’ရဲ့ မွေးနေ့ဖြစ်နေတယ်။ အခု ပြန်ပြင်ရမယ်။ ပြင်ဖို့အတွက်ကတော့ သက်သေ ၃ ယောက်ရှာရ မယ်ပေ့ါနော်။ အဲ့လိုမျိုးဖြစ်နေတယ်” ဟု မဲဆောက်ဒေသတွင် နှစ် ၂၀ ကျော်နေထိုင်ပြီး ရွှေ့ပြောင်းပညာရေး အထောက်အကူပြု အဖွဲ့အစည်းတွင်လုပ်ကိုင်နေသော နော်ဖောဖောက ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ နော်ဖောဖောက “အခုဆိုလို့ရှိရင် အများစုက ပြန်ပြင်ရမယ်။ ကဲခိုင်(အမှားပြင်ဆင်ချက်)ဆို ပြီးတော့ ပြန်ပြင်ရမယ်။ အများစုပဲ။ ချက်ချင်းရသွားတဲ့လူကတော့ ရှိတော့ ရှိတာပေ့ါ။ ရှားတော့ရှားတယ်။ ဒါပေမယ့် အသွားအပြန် စာရွက်စာတမ်း မပြည့်စုံလို့ ပြန်ပြန်ယူရတယ်” ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသမှ ထိုင်းအစိုးရ လူဦးရေစာရင်းဝင် အထောက် အထားလျှောက်ထားသူသည် တစ်ရက်လျှင် ၂၀၀ မှ ၃၀၀ ဦး အထိရှိသည်ဟု သိရသည်။
ကဒ်ပြောင်းရိုက်ရန် စာရင်းကျသူများသည် အမ်ဖေရုံး (မြို့တော်ဝန်ရုံး) မသွားခင် မိမိတို့ကိုင်ဆောင်သော အထောက်အထားတွင် စာရင်းသွင်းထားသည့် ကျေးရွာ၊ ရပ်ကွက်အတိုင်း ရပ်ရွာလူကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း အာဏာပိုင်များက အကြံပြုထားသည်။
บัตรประจำตัวคุนซึ่งไม่มีสัญชาติไทย (Identification card for people without Thai Nationality – ထိုင်းနိုင်ငံသား မဟုတ်သူများကိုင်ဆောင်ခွင့်ကဒ် ရရှိထားသူများသည် နယ်ကျော်ခရီးသွားလာခွင့်စာရွက်ကို တောင်းခံရန် မလိုဘဲ လွတ်လပ်စွာသွားလာနိုင်သလို ထိုင်းနိုင်ငံတွင် မွေးသော ၎င်းတို့၏ သားသမီးများ ထိုင်းနိုင်ငံသား လျှောက်ထားရေးအတွက်လည်း အထောက်အကူပြုစေသည်ဟု သိရသည်။
ယခု နိုင်ငံသားလျှောက်ထားမှုအစီအစဉ်ကို ထိုင်းအစိုးရက ၁၉၆၅ ခုနှစ် ထိုင်းနိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်ဖြည့်စွက်သော အစိုးရအဖွဲ့ ၏ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက် ဆုံးဖြတ်ချက်အရ ဆောင်ရွက်ပေးခြင်းဖြစ်သည်။



















