Home သတင်း အာဆီယံက မြန်မာ့အရေး ကိုင်တွယ်နိုင်စွမ်း ကန့်သတ်မှုများစွာရှိဟု NUG ပြော

အာဆီယံက မြန်မာ့အရေး ကိုင်တွယ်နိုင်စွမ်း ကန့်သတ်မှုများစွာရှိဟု NUG ပြော

413
Photo: EPA-EFE

ဇူလိုင် ၁၇၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဆီယံအနေဖြင့် မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်နိုင်စွမ်း ကန်သတ်မှုများစွာရှိနေသည်ဟု ရှုမြင်ကြောင်း အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာက ဇူလိုင် ၁၆ ရက်နေ့ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သည့် ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးမှ ဇူလိုင် ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်၌ မြန်မာ့အရေးအပေါ် ဆက်လက် အလေးထားသည့်ဖော်ပြချက်များ ပါဝင်မှုအပေါ် NUG က ကြိုဆိုကြောင်း ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

ထို့အပြင် ငလျင်ဘေး ကူညီပေးမှုများကို ကျေးဇူးတင်သလို အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ပြန်သုံးသပ်ကာ ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးသို့ အကြံပြု တင်ပြရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စား လှယ်၏ အခန်းကဏ္ဍ စဉ်ဆက်မပြတ်ရှိရေး ဗျူဟာအသစ်များ ရှာရန် တာဝန်ပေးအပ်ခဲ့မှုများကိုလည်း NUG က ကြိုဆိုကြောင်း ပြောသည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် မြန်မာတွင် ပဋိပက္ခ မြင့်တက်လာမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာမှု၊ အရပ်သားပြည်သူနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ အကြမ်းဖတ်မှု များကို ရှုတ်ချခြင်းနှင့် အကြမ်းဖက်မှုများ ချက်ချင်း ရပ်ရန် တိကျခိုင်မာသည့် ဆောင်ရွက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းထားသော်လည်း စစ်ကောင်စီကို တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှုနှင့် ထိရောက်စွာ အရေးယူကိုင်တွယ်မှု မရှိသည့်အပေါ် စိတ်ပျက်မိသည်ဟု NGU က ပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာ မပါ၍ စစ်ကောင်စီကို သွယ်ဝိုက် အကာ အကွယ်ပေးနေသည်ဟု NUG က ရှုမြင်ကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ တွင်စတင်တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် သည် နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး တက်သိပညာရှင်များနှင့် ထိတွေ့ ဆောင်ရွက်နေသော်လည်း ဖမ်းဆီးခံထား ရသည့် မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရန် စစ်ကောင်စီကို စည်းရုံးဖိအားပေးနိုင်စွမ်း မရှိနေသည့်အချက်က အာဆီယံ၏ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို အကန့်အသတ်များစွာ ရှိနေကြောင်း ဖော်ပြရာရောက် သည် ဟု NUG က ထောက်ပြထားသည်။